ဘေဂျင်း၊ မေ ၂၃

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်းစီပြည်နယ်ရှိ ကျောက်မီးသွေး မိုင်းတွင်းမှာ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားမှုကြောင့် လူ ၈ ဦး သေဆုံးကာ ၃၈ ဦး မြေအောက်မှာ ပိတ်မိနေပြီးနောက် တရုတ် သမ္မတ ရှီကျင့်ဖျင်က အင်အား အကုန်သုံး ကယ်ဆယ်ရေး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

မေ ၂၂ ရက် ညနေပိုင်းက ကျင်းဟွန်ဒေသရှိ လွီရွှမ်းယု ကျောက်မီးသွေး မိုင်းတွင်းမှာ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြထားပါတယ်။

ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေအတွင်း ဒဏ်ရာရထားသူတွေကို ကုသပေးရေး အဆုံးစွန်ကြိုးပမ်းဖို့ ရှီကျင့်ဖျင်က တိုက်တွန်းထားပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို ဥပဒေနဲ့အညီ တင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးရေး တာဝန်ခံမှု ရှိရေး ဆောင်ရွက်ပေးဖို့လည်း သမ္မတ ရှီက ပြောဆိုပါတယ်။

ဝန်ကြီးချုပ် လီကီကျန်းကလည်း သတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ဖို့ တာဝန်ခံမှု ရှိစေဖို့ ပြောဆိုထားတာပါ။

မေ ၂၃ ရက် မနက်ပိုင်းအထိ မိုင်းတွင်းထဲက လူ ၂၀၁ ဦးကို ကယ်ထုတ်ထားနိုင်ပြီး သေဆုံးသူ ၈ ဦးရဲ့ အလောင်းတွေကိုလည်း ဆယ်ယူထားပြီး ဖြစ်ပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်နေပြီး မတော်တဆ ဖြစ်ပွားမှု အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေတယ်လို့ ဒေသဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေး ဌာနက ပြောပါတယ်။

တရုတ်နိုင်ငံမှာ အကျင့်ပျက် ခြစားမှုတွေကြောင့် စည်းကမ်းဥပဒေ လိုက်နာမှု အားနည်းပြီး မတော်တဆ ထိခိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

မိုင်းတွင်းထဲမှာ ကာဗွန်မိုနိုအောက်ဆိုက် ပမာဏ လွန်ကဲနေပြီး မြေအောက်မှာ ပိတ်မိနေသူ တချို့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆင်ဟွာ သတင်းဌာနက စောစောပိုင်းက ဖော်ပြထားပါတယ်။

တရုတ်မှာ မကြာသေးခင် နှစ်တွေက လုပ်ငန်းခွင်ဆိုင်ရာ စည်းကမ်း လိုက်နာမှုတွေ အားကောင်းလာပေမယ့် ဥပဒေ စည်းကြပ်မှု လျော့ရဲတာတွေ ရှိနေသေတာကြောင့် မိုင်းတွင်း မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.