မော်စကို၊ မေ ၂၃
ယူကရိန်း အရှေ့ပိုင်းမှာ သိမ်းပိုက်ထားတဲ့ နယ်မြေအတွင်း ကျောင်းသားတွေရဲ့ အိပ်ဆောင်ကို ယူကရိန်းက တိုက်ခိုက်တယ်လို့ စွပ်စွဲပြီးနောက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လက်စားချေ တိုက်ခိုက်မှာ ဖြစ်ကြောင်း ကြွေးကြော်လိုက်ပါတယ်။
လူးဟန့်ဇ်ဒေသ စတာရိုဘစ်မြို့မှာ ညအချိန် တိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိကြောင်းနဲ့ နောက်ထပ် ပျောက်ဆုံးနေသူ ၁၅ဦးရှိကြောင်း ပူတင်က ပြောပါတယ်။
ယူကရိန်း စစ်တပ်ကတော့ စတာရိုဘစ်မြို့မှာ ရှိတဲ့ ရုရှား ထိပ်တန်း ရူဘီကွန် ဒရုန်း စစ်ဖက်ဆိုင်ရာ တပ်ဖွဲ့ ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာလို့ ပြောထားပါတယ်။
အဲဒီ ဒေသမှာ စစ်ဖက်ဆိုင်ရာ အဆောက်အဦ ထောက်လှမ်းရေးဆိုင်ရာ အဆောက်အဦနဲ့ဆက်စပ်ဌာန အဆောက်အဦတွေ မရှိဘူးလို့ ပူတင်က ပြောပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ လေကြောင်း ကာကွယ်ရေး ဒါမှမဟုတ် အီလက်ထရွန်နစ် စစ်လက်နက် စနစ်တွေရဲ့ ရလဒ်ကြောင့် အဲဒီ အဆောက်အဦကို လက်နက်ခဲယမ်းတွေ ထိမှန်ခဲ့တယ်လို့ ပြောစရာ အကြောင်း မရှိဘူးလို့ မေ ၂၂ ရက်က ကရင်မလင် အိမ်တော်ကနေ ပြောဆိုပါတယ်။
ရုရှား စစ်တပ်အနေနဲ့ ဘယ်လို လက်တုံ့ပြန်မလဲ ဆိုတာကို ကြိုတင်ပြင်ဆင်ထားဖို့ ပူတင်က ညွှန်ကြားထားပါတယ်။
ယူကရိန်းက ဒရုန်း ၁၆ စီး အသုံးပြုပြီး သုံးဆင့် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရုရှား ခေါင်းဆောင်က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ဆယ်ကျော်သက် အရွယ်တွေ ပါဝင်တယ်လို့ ရုရှား ပြည်တွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရ သေဆုံးတယ်ဆိုတဲ့ ဖြစ်ရပ်ကို မော်စကိုက ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ဖော်ပြထားတာ မရှိပါဘူး။
မေ ၂၂ ရက်ညပိုင်းမှာ ရုရှား စစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။
အဲဒီ ရုရှား ဒရုန်း ဌာနချုပ်ဟာ ယူကရိန်း နယ်မြေအတွင်း အရပ်ဖက် အခြေခံ အဆောက်အဦတွေကို မကြာခဏ တိုက်ခိုက်နေတာကြောင့် အခုလို လက်တုံ့ပြန်ရတာ ဖြစ်တယ်လို့ ယူကရိန်း စစ်တပ်က တုံ့ပြန်ပါတယ်။
ယူကရိန်း စစ်တပ်အနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပဒေ၊ စစ်ပွဲ အတွင်း လိုက်နာရမယ့် ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။
ယူကရိန်း နယ်မြေထဲမှာ ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေထဲက ဌာနချုပ် တစ်ခုကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဆိုပါတယ်။
ရုရှား ကျူးကျော်သူ ၁၀၀ လောက် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ဖြည့်စွက် ပြောဆိုပါတယ်။
မော်စကို စစ်တပ်က ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက် မပေးသေးပေမယ့် ကရင်မလင် လိုလားတဲ့ တယ်လီဂရမ် ချန်နယ် တစ်ခုက ဒရုန်းတွေနဲ့ ကြီးကြီးမားမား တိုက်ခိုက်ခံရတာကြောင့် သေဆုံးမှုတွေ ရှိကြောင်း ဖော်ပြထား ပါတယ်။
ရုရှား စစ်တပ်က အရပ်ဖက် နေရာတွေကို တိုက်ခိုက်နေတယ်လို့ ယူကရိန်းက အကြိမ်ကြိမ် စွပ်စွဲထားပြီး လက်တုံ့ပြန် တိုက်ခိုက်မှုတွေကြောင့် မော်စကိုရဲ့ ဓာတ်အားပေးစနစ်တွေတောင် ထိခိုက်နေပါတယ်။
ရုရှားကလည်း ယူကရိန်းမြို့တော် ကိဗ်အထိ လူနေ အဆောက်အဦတွေကို တိုက်ခိုက်နေတယ်လို့ ယူကရိန်းက ပြောထားပါတယ်။
Ref:BBC

