ဝါရှင်တန်၊ မေ ၂၂

ကျူးဘားဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေးအန္တရာယ်ဖြစ်ပြီး ငြိမ်းချမ်းရေး သဘောတူညီမှု ရယူနိုင်ခြေ အများကြီး မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောလိုက်ပါတယ်။

အမေရိကန် နိုင်ငံသားတွေ သေဆုံးစေခဲ့တဲ့ ၁၉၉၆ ခုနှစ်က လေယာဉ် နှစ်စီး ပစ်ချမှုနဲ့ ပတ်သက်လို့ ကျူးဘား သမ္မတဟောင်း ရာအူးလ် ကတ်စ်ထရိုကို အမေရိကန်က စွဲချက်တင်ပြီး ရက်ပိုင်းအကြာမှာ ဝန်ကြီး ရူဘီယိုရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဝါရှင်တန်အနေနဲ့ သံတမန်ရေး နည်းလမ်းကို ပိုသဘောကျပေမယ့် သမ္မတ ဒေါ်နယ် ထရန့် အနေနဲ့ အမေရိကန်ကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ် မှန်သမျှကို ကာကွယ်တားဆီးဖို့ အခွင့်အရေး ရှိသလို တာဝန်လည်းရှိတယ်လို့ ဝန်ကြီး ရူဘီယိုက ဆိုတာပါ။

ကျူးဘားဟာ အမေရိကန်အတွက် ဘယ်သောအခါမှ အန္တရာယ် မဖြစ်ခဲ့ကြောင်းနဲ့ ရူဘီယို လိမ်လည်နေတာ ဖြစ်ကြောင်း ကျူးဘား နိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ်က တုံ့ပြန်ပါတယ္။

ကျူးဘား သမ္မတဟောင်း ရာအူးလ် ကက်စထရိုကို အမေရိကန် စွဲချက်တင်မှုအပေါ် တရုတ်နဲ့ ရုရှားက ပြစ်တင် ရှုတ်ချထားပါတယ်။

မေ ၂၁ ရက်က သတင်းထောက်တွေကို ပြောကြားရာမှာ ဝန်ကြီး ရူဘီယိုက ကျူးဘားနဲ့ ပတ်သက်လို့ သံတမန်ရေးကို အလေးထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကျူးဘားဟာ ဒေသတစ်ခုလုံး အကြမ်းဖက်မှုကို ဦးဆောင် ထောက်ပံ့ပေးနေတယ်လို့လည်း ရူဘီယိုက စွပ်စွဲထားပါတယ်။

ရူဘီယိုဟာ မိမိတို့ နိုင်ငံကို အဆင်အခြင်မဲ့ စနစ်တကျ တိုက်ခိုက်နေပြီး အမေရိကန် အစိုးရ အနေနဲ့ စစ်ရေးအရ ရန်စ တိုက်ခိုက်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ကျူးဘား နိုင်ငံခြားရေး ဝန်ကြီးက ဝေဖန်ပါတယ်။

ထရန့်က သဘောတူညီမှု တစ်ရပ် ရယူရေး ကျူးဘားကို ဖိအားပေးနေပြီး ရေနံ ပိတ်ဆို့ထားတာကြောင့် ကျူးဘားမှာ လောင်စာ ပြဿနာ ဆိုးဆိုးရွားရွား ကြုံတွေ့နေပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ကျူးဘား နိုင်ငံသားတွေဟာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ စားနပ်ရိက္ခာ ပြတ်တောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အမေရိကန်က လူသားချင်းစာနာ ထောက်ထားရေး အကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုကို ကျူးဘားက လက်ခံထားတယ်လို့ ဝန်ကြီး ရူဘီယိုက ပြောပါတယ်။

ကျူးဘားရဲ့ ကွန်မြူနစ်အစိုးရကို ဖြုတ်ချရေး ထရန့်က အကြိမ်ကြိမ် ဖိအားပေးနေပြီး အဖက်ဖက်က ပိဆို့မှုတွေ ပြုလုပ်ထား ပါတယ်။

ကျူးဘား သမ္မတဟောင်းကို အမေရိကန်က ဗင်နီဇွဲလား သမ္မတ နီကိုလာ့စ် မာဒူရိုကိုဖမ်းဆီးခဲ့သလို ဖမ်းဆီးလိုက်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

ကက်စထရိုကို အမေရိကန်က ဝင်ရောက် ဖမ်းဆီးမှာလား ဆိုတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းချိန်မှာ ရူဘီယိုက အမေရိကန်အနေနဲ့ စီစဉ်ထားတဲ့ အခြေအနေကို မီဒီယာသို့ ချပြစရာမရှိဘူးလို့ ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.