ဘန်ကောက် မေ ၂၁

ထိုင်းတော်ဝင်မင်းသမီး ဘတ်ရာကီတီရာဘာ ရဲ့ ကျန်းမာရေးအခြေအနေကတော့ ထပ်ပြီး စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ ထိုင်းဘုရင့်အိမ်တော်က မေ ၂၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ မင်းသမီးရဲ့ ပြင်းထန်တဲ့ ပိုးဝင်ရောဂါကို မထိန်းနိုင်သေးဘဲ ကိုယ်ခန္ဓာအတွင်း အရေးကြီး အင်္ဂါအစိတ်အပိုင်း အများအပြားရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်လာနေတယ်လို့ သိရပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး ဘတ်ရာကီတီရာဘာဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ဘုရင်ချူလာလောင်ကွန်းအထိမ်းအမှတ် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပါ။ အဲဒီအချိန်တုန်းက နခွန်ရာချာစီမာခရိုင်မှာ သူ့ရဲ့ခွေးကို လေ့ကျင့်ရေးလုပ်နေချိန် ရုတ်တရက် သတိလစ်သွားခဲ့ပြီး နှလုံးဆိုင်ရာပြဿနာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အခုနောက်ဆုံး ထုတ်ပြန်ချက်အရတော့ ၂၀၂၆ ဧပြီလမှာ အူမကြီးရောင်ရမ်းမှုကြောင့် ဝမ်းဗိုက်အတွင်း ပိုးဝင်ရောဂါတွေ့ရှိခဲ့ပြီး အဲဒီကနေ အခြေအနေ ပိုမိုဆိုးရွားလာခဲ့တာပါ။ သွေးပေါင်ကျတာ၊ နှလုံးခုန်နှုန်းမမှန်တာနဲ့ သွေးခဲမှု မူမမှန်တာတွေပါ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဆရာဝန်တွေက အသက်ရှူစက်အကူအညီ၊ ကျောက်ကပ်ဆိုင်ရာ ကုသမှုတွေ၊ ပဋိဇီဝဆေးအမျိုးမျိုးနဲ့ နှလုံးခုန်နှုန်းထိန်းဆေးတွေကို အဆက်မပြတ်ပေးနေပေမယ့် ရောဂါပိုးက ထိန်းမရသေးဘဲ အခြေအနေက တဖြည်းဖြည်း ဆိုးလာနေတယ်လို့ ဘုရင့်အိမ်တော်က ပြောပါတယ်။

မင်းသမီး ဘတ်ရာကီတီရာဘာဟာ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ သမီးအကြီးဆုံးဖြစ်ပြီး ထိုင်းဘုရင့်မိသားစုအတွင်း အရေးပါတဲ့ တော်ဝင်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.