မနီလာ မေ ၂၁

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က အလိုရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံရေးသမား ရော်နယ် ဒယ်လာ ရိုဆာဟာ အဖမ်းမခံရအောင် ရက်အတော်ကြာ ပုန်းနေခဲ့တဲ့ လွှတ်တော်အဆောက်အဦထဲကနေ တိတ်တဆိတ် ထွက်ပြေးသွားခဲ့ပြီဖြစ်ပါတယ်။

ဖိလစ်ပိုင်လွှတ်တော်ဥက္ကဋ္ဌ အလန်ပီတာ ဆာယဲန်တာနိုက ဒယ်လာရိုဆာဟာ “အဆောက်အဦထဲမှာ မရှိတော့ဘူး” လို့ သတင်းမီဒီယာတွေကို အတည်ပြုပြောကြားခဲ့ပါတယ်။ သူက ဘယ်အချိန် ထွက်သွားတယ်ဆိုတာကို အပြည့်အစုံ အစီရင်ခံစာ စောင့်နေတယ်လို့လည်း ဆိုပါတယ်။

ဒယ်လာ ရိုဆာဟာ အရင်သီတင်းပတ်အတွင်း သူ့ကိုဖမ်းဖို့ လိုက်လာတဲ့ အစိုးရအေးဂျင့်တွေကို လွှတ်တော်အဆောက်အဦ လမ်းကြောင်းတွေနဲ့ လှေကားတွေကြား ပြေးရှောင်ခဲ့တာကြောင့် လူပြောများခဲ့ပါတယ်။ နောက်ဆုံး လွှတ်တော်ခန်းမထဲ ရောက်သွားချိန်မှာတော့ လွှတ်တော်ဥက္ကဌက သူ့ကို “အကာအကွယ်ပေးထားတဲ့ ထိန်းသိမ်းမှု” နဲ့ ထားခဲ့တာပါ။

ဒယ်လာရိုဆာဟာ လွှတ်တော်ထဲမှာ ရက်အတော်ကြာ ဆက်နေခဲ့ပေမယ့် မေ ၂၀ ရက်မှာတော့ သူ့ကို မကြာခင် ဖမ်းတော့မယ်လို့ ပြောပြီး ထောက်ခံသူတွေကို လွှတ်တော်ရှေ့လာစုဖို့ ခေါ်ခဲ့တာကြောင့် အခြေအနေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လွှတ်တော်အတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သတင်းထောက်တွေတောင် အကာအကွယ်ယူ ပြေးလွှားခဲ့ရပါတယ်။

သမ္မတရုံး တာဝန်ရှိသူတစ်ဦးအဆိုအရ လွှတ်တော်လုံခြုံရေးနဲ့ NBI စုံစမ်းရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကတော့ ဒယ်လာရိုဆာကို ဖမ်းဆီးဖို့ ညွှန်ကြားထားတာ မရှိဘူးလို့ ပြောထားပြီး ဒီဖြစ်ရပ်က “အစိုးရကို မတည်မငြိမ်ဖြစ်စေဖို့ ဒါမှမဟုတ် အရှုပ်အထွေးဖန်တီးဖို့ ကြိုးစားတာလား” ဆိုပြီး မေးခွန်းထုတ်ထားပါတယ်။

သမ္မတ မားကို့စ်နဲ့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး မိသားစုကြား အာဏာပဋိပက္ခကတော့ ပြင်းထန်နေဆဲဖြစ်ပြီး ဒူတာတေးကို ICC က ဖမ်းဆီးပြီး သည်ဟိတ်မြို့ကို ပို့ခဲ့ပြီးနောက် ပိုဆိုးလာတာပါ။

ဒယ်လာရိုဆာဟာ သမ္မတဟောင်း ဒူတာတေးအစိုးရလက်ထက် ဖိလစ်ပိုင်ရဲတပ်ဖွဲ့အကြီးအကဲဖြစ်ခဲ့သူဖြစ်ပြီး “မူးယစ်ဆေးစစ်ပွဲ” အတွင်း လူသတ်မှုတွေကို ခွင့်ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ICC က အလိုရှိနေတာ ဖြစ်ပါတယ်။ သူ့ကို ဒူတာတေးနဲ့အတူ ICC အမှုမှာ ပါဝင်ပတ်သက်သူ ၈ ဦးထဲက တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။

Ref:theguardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.