တီဟီရန် ၊ မေ ၂၁
အမေရိကန်က ထပ်ပြီး တိုက်ခိုက်လာမယ်ဆိုရင် စစ်ပွဲကို အရှေ့အလယ်ပိုင်းထက် ကျော်လွန်ပြီး ဆင်နွှဲသွားမှာ ဖြစ်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က စစ်ဆင်ရေး ပြန်စမှာ ဖြစ်ကြောင်း ပြောဆိုပြီး နာရီပိုင်းအကြာမှာ အီရန်ရဲ့ အခုလို ခြိမ်းခြောက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအပြီး သီတင်း ခြောက်ပတ် အကြာမှာ အီရန်နဲ့ အပစ်အခတ်ရပ်စဲထားပေမယ့် စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင် ဖြစ်နေပါတယ်။
အမေရိကန်က စစ်ပွဲ အဆုံးသတ်ရေး အဆိုပြုချက်တွေကို အီရန်က လက်မခံဘဲ တန်ပြန် တောင်းဆိုမှုတွေကိုလည်း အမေရိကန်က လက်မခံတာကြောင့် ရှေ့ဆက် ဆွေးနွေးရေး အဆင်မပြေ ဖြစ်နေပါတယ်။
အီရန်က ဟောမု့ဇ် ရေလက်ကြားကို ဆက်လက် ထိန်းချုပ်ထားမှာ ဖြစ်ကြောင်း ပြောဆိုထားချိန်မှာ နိုင်ငံတော်တော်များများက အဲဒီ ရေလက်ကြား ကာကွယ်ရေး တပ်ဖွဲ့ဖွဲ့စည်းဖို့ ပြင်ဆင်ထားပါတယ်။
စစ်ပွဲကြောင့် ထိခိုက် ပျက်စီးမှုတွေအတွက် လျော်ကြေးပေးရေး၊ ဒေသတွင်းက အမေရိကန် တပ်ဖွဲ့တွေ ထွက်ခွာရေး၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးအတွက်လည်း အီရန်က တောင်းဆိုထား ပါတယ်။
အီရန်ကို ထပ်ပြီး ဗုံးကြဲ တိုက်ခိုက်ရေး ညွှန်ကြားဖို့ အရမ်းကို နီးစပ်ခဲ့ပေမယ့် သံတမန်ရေးအရ ဖြေရှင်းချင်တာကြောင့် နောက်ဆုံးမိနစ်ရောက်မှ တိုက်ခိုက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
အမေရိကန်က ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် အမေရိကန် စစ်တပ်ကို လက်ခံထားတဲ့ အရှေ့အလယ်ပိုင်းရှိ နိုင်ငံတွေကို လက်စားချေ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အီရန်က ခြိမ်းခြောက်ထားတာပါ။
ကမ္ဘာ့ လောင်စာ သုံးစွဲမှုအတွက် အရေးကြီးတဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားပြီး အမေရိကန်က အီရန် ဆိပ်ကမ်းတွေ အားလုံးကို ပြန်လည် ပိတ်ဆို့ထားပါတယ်။
ငြိမ်းချမ်းတဲ့ အချိန်တွေမှာ အဲဒီ ရေလက်ကြားကနေ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်း စီးဆင်းနေတာ ဖြစ်ပါတယ်။
အီရန်က အဲဒီ ရေလမ်းကြောင်းကို ပိတ်ဆို့ထားပေမယ့် တရုတ်နဲ့ တခြား နိုင်ငံ တချို့ရဲ့ ရေနံတင်သင်္ဘောတွေ ဖြတ်သန်းလို့ ရနေပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နဲ့ ညှိနှိုင်းပြီး ရေလက်ကြားက သင်္ဘောတွေ ဖြတ်သန်းခွင့် ရရှိခဲ့တယ်လို့ ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဟောမု့ဇ် ရေလက်ကြားကနေ သင်္ဘော ၅၄ စီး ဖြတ်သန်းခဲ့ပြီး အရင်က သီတင်းပတ်က ဖြတ်သန်းမှုထက် နှစ်ဆ ပိုများလာတယ်လို့ သင်္ဘော လမ်းကြောင်း လေ့လာရေး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာမှာ လောင်စာဈေးနှုန်း မြင့်တက်မှုကြောင့် ထရန့်အနေနဲ့ အီရန် စစ်ပွဲ အဆုံးသတ်ရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တရုတ်ကို သွားရောက်ခဲ့တဲ့ ထရန့်က သူ့အနေနဲ့ အီရန် စစ်ပွဲ အဆုံးသတ်ရေး သမ္မတ ရှီကျင့်ဖျင်ရဲ့ အကူအညီ မလိုဘူးလို့ ပြောထားပါတယ်။
အီရန် စစ်ပွဲ အရမ်း မြန်မြန်ဆန်ဆန် ပြီးဆုံးမှာ ဖြစ်တယ်လို့ ထရန့်က မေ ၁၉ ရက်က ပြောထားပေမယ့် ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင် ဖြစ်နေပါတယ်။
Ref:Reuters

