ဂျီနီဗာ၊ မေ ၂၁
လက်ရှိ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ် မျိုးစိပ်ကို တားဆီးရေး ကာကွယ်ဆေး ဖော်ထုတ်ဖို့ ၉ လလောက် အချိန်ယူရနိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း WHO က ပြောလိုက်ပါတယ်။
ဘွန်ဒီဘက်ဂယို ဗိုင်းရပ်စ် မျိုးစိပ်အတွက် အလားအလာရှိတဲ့ ကာကွယ်ဆေး နှစ်မျိုးထုတ်လုပ်ထားပေမယ့် အဲဒီကာကွယ်ဆေးတွေကို စမ်းသပ်မှု မလုပ်ရသေးဘူးလို့ WHO အကြံပေးအရာရှိ ဒေါက်တာ ဗာဆီး မိုသီက မေ ၂၀ ရက်မှာ ပြောပါတယ်။
အီဘိုလာရောဂါ ဖြစ်ပွားနေတယ်လို့ သံသယရှိသူ ၆၀၀ ကျော်ရှိပြီး ၁၃၉ ဦး သေဆုံးခဲ့ပေမယ့် ဗိုင်းရပ်စ်ကို စစ်ဆေးဖို့အတွက် အချိန်ယူရမှာ ဖြစ်တာကြောင့် ကူးစက်သူ အရေအတွက် ပိုများလာနိုင်တယ်လို့ WHO အကြီးအကဲ ဒေါက်တာ တီဒရို့စ် အဟက်နန် ဂျီဘရီယေဆုက ပြောပါတယ်။
ပထမဆုံး ရောဂါ ဖြစ်ပွားမှု ရှာဖွေတွေ့ရှိတဲ့ ကွန်ဂို ဒီမိုကရက်တစ် ပြည်ထောင်စုနိုင်ငံမှာ ရောဂါ ကူးစက်သူ ၅၁ ဦး ရှာတွေ့ထားပြီး အိမ်နီးချင်း ယူဂန္ဓာနိုင်ငံမှာ ရောဂါ ကူးစက်သူ နှစ်ဦးရှိတယ်လို့ WHO အကြီးအကဲက ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိ ရောဂါ ပျံ့နှံ့မှုဟာ နိုင်ငံတကာ စိုးရိမ်စရာဖြစ်ပေမယ့် ကပ်ရောဂါအဆင့်ကို မရောက်သေးဘူးလို့ WHO က မေ ၁၇ ရက်မှာ ကြေညာထားပါတယ်။
မေ ၁၉ ရက် အစည်းအဝေးအပြီးမှာ လက်ရှိ ဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ ကပ်ရောဂါ အရေးပေါ် အဆင့်ကို မရောက်ရှိသေးဘူးလို့ WHO က ပြောပါတယ်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း အီတူရီပြည်နယ် မှာ အတည်ပြုပြီး လူနာ ၅၁ ဦးရှိပြီး ရောဂါ ပျံ့နှံ့မှု အဓိက ဖြစ်ပွားရာဒေသ ဖြစ်ပါတယ်။
ယူဂန္ဓာနိုင်ငံ မြို့တော် ကမ်ပါလာမှာ အတည်ပြုပြီး လူနာ ၂ ဦးရှိပြီး နှစ်ဦးစလုံး ကွန်ဂို နိုင်ငံကို ခရီးသွားခဲ့ဖူးသူတွေဖြစ်ပြီး တစ်ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။
ကွန်ဂိုမှာ ရောဂါ ပျံ့နှံ့မှု အများကြီး ပိုကြီးမားတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်လို့ WHO အကြီအကဲက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကျန်းမာရေး လုပ်သားတွေလည်း ပါဝင်ကြောင်း (WHO) က ဆိုပါတယ်။
ကွန်ဂိုရှိ ကျန်းမာရေး အဆောက်အဦတွေမှာ ဝန်ဆောင်မှု အင်အားနဲ့ လူနာ အရေအတွက် မမျှတ ဖြစ်နေတယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေး လုပ်သားတွေက ပြောပါတယ်။
ဒေသဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ကာကွယ်ရေး ပစ္စည်းတွေ စတင် ရောက်ရှိ လာပြီ ဖြစ်ပေမယ့် လုံလောက်တဲ့ ကာကွယ်မှု မရသေးဘူးလို့ သိရပါတယ်။
နယ်စည်းမထား ဆရာဝန်များ အဖွဲ့ကတော့ လူနာ အားလုံးကို အာရုံစိုက်ထားပေမယ့် သူတို့အတွက် နေရာ မရှိဘူးလို့ ပြောပါတယ်။
အီဘိုဘာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသူဟာ သူနာပြုဖြစ်ပြီး အီတူရီပြည်နယ်မှာ ဧပြီ ၂၄ ရက်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကွန်ဂိုနိုင်ငံရဲ့ ရွှေတူးဖော်ရာ ဒေသမှာ ရောဂါ ပျံ့နှံ့မှုကြောင့် အနီးအနား နိုင်ငံတွေမှာပါ ရောဂါ ပျံ့နှံ့လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
အီဘိုဘာ ဗိုင်းရပ်စ်ဟာ ရောဂါ ကူးစက်ခံထားရသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကြောင့် ကူးစက်တတ်ပြီး ကိုယ်တွင်း အင်္ဂါတွေထိခိုက်ပျက်စီးရာကနေ သွေထွက်လွန် သေဆုံးနိုင်ပါတယ်။
Ref:BBC

