ဘေဂျင်း၊ မေ ၂၀

ဘေဂျင်းသို့ ရောက်ရှိနေတဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုရှား-တရုတ် ဆက်ဆံရေးဟာ မကြုံစဖူး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ပူတင်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ ဆွေးနွေးမှု ပြီးဆုံးတော့မယ့်အချိန်အထိ ရုရှားနဲ့ တရုတ်ကြား သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်လို့ အသေးစိတ် သဘောတူညီမှု မရသေးဘူးလို့ နှစ်နိုင်ငံ အရာရှိတွေက ပြောပါတယ်။

အရင်က သဘောတူထားခဲ့တဲ့ အဲဒီသဘောတူညီချက်ဟာ နှစ်များစွာကြာ ရပ်တန့်နေခဲ့ပေမယ့် နှစ်နိုင်ငံကြား နားလည်မှု ရရှိထားပြီး ဖြစ်တယ်လို့ ပူတင်က သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံစုံပါဝင်တဲ့ ကမ္ဘာအင်္ဂါစဉ် ဖြစ်ပေါ်လာစေရေး၊ ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ အပါအဝင် နှစ်နိုင်ငံကြား သဘောတူညီချက် ၂၀ ကို ပူတင်ရဲ့ ဘေဂျင်းခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမဲ့ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ ဆက်သွယ်မယ့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်လို့ သဘောတူညီမှု တစ်ခုမှ မရရှိခဲ့ပါဘူး။

တရုတ်ရဲ့ ငွေကြေးနဲ့ နည်းပညာ အထောက်အကူ မရရင် ပူတင် အစိုးရ ဆက်လက် ရှင်သန်ရေး အခက်ကြုံရမှာ ဖြစ်ကြောင်း ဒါပေမဲ့ ဘေဂျင်း အစိုးရက မော်စကိုကို ရင်းရင်းနှီးနှီး ဆက်ဆံနေပေမယ့် အရမ်းကြီး မရင်းနှီးစေဖို့ သတိထားနေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ပူတင်ရဲ့ တရုတ် ခရီးစဉ်အတွင်း ဂျပန်ရဲ့ လက်နက် အင်အား ဖြည့်တင်းမှုနဲ့ ပတ်သက်လို့ သတိပေးချက် တစ်ရပ် ထွက်ပေါ်လာပါတယ်။

ဂျပန်က စစ်အသုံးစရိတ် တိုးမြှင့်ထားပြီး ပြည်ပသို့ လက်နက်တွေ တင်ပို့ ရောင်းချဖို့ စီစဉ်နေပါတယ်။

ထိုင်ဝမ်နဲ့ ပတ်သက်လို့ တရုတ်က တိုက်ခိုက်လာရင် မိမိတို့လည်း စစ်ရေးအရ ကြားဝင် ပါရလိမ့်မယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအိချီရဲ့ ပြောဆိုမှု အပြီးမှာ တရုတ်နဲ့ ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။

ဂျပန်မှာ လက်ယာယိမ်း အင်အားစုတွေရဲ့ရန်လိုတဲ့ အပြုအမူတွေနဲ့ နျူကလီးယား ဆိုင်ရာ ပစ္စည်းတွေ ရယူပိုင်ဆိုင်ထားမှုနဲ့ ပတ်သက်လို့ များစွာစိုးရိမ်ကြောင်း တရုတ်-ရုရှား ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျပန်ရဲ့ လက်ရှိ အရှိန်မြှင့် လက်နက် ပြန်လည် တပ်ဆင်မှုကြောင့် ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် အန္တရာယ်ကျရောက်စေတယ်လို့ အဲဒီ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.