ဘေဂျင်း၊ ဒီဇင်ဘာ ၂၉

တရုတ် စစ်တပ်က သူတို့ရဲ့ “Just Mission 2025” စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်အတွက် ကြည်းတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တို့ကို ဒီဇင်ဘာ ၂၉ ရက်က ထိုင်ဝမ်တဝိုက်မှာ ပြောင်းရွှေ့ထားလိုက်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုက တိုက်ပွဲဝင်ဖို့ အသင့်ရှိမှုကို စမ်းသပ်ရေး ရည်ရွယ်တာ ဖြစ်တယ်လို့ ဘေဂျင်းက ပြောပြီး ထိုင်ဝမ် လွတ်လပ်ရေး လှုပ်ရှားမှုတွေ မလုပ်ကြဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်မှာ ထိုင်ဝမ်ကျွန်းတဝိုက် နေရာ ၅ ခုမှာ ကျည်အစစ်နဲ့ ပစ်ခတ်မှုတွေ ပါဝင်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အရှေ့ပိုင်း ကွပ်ကွဲရေးတပ်က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဲဒီနေ့ နံနက် ၈ နာရီခွဲက စတင်ပြီး ၁၀ကြာ ရေပြင်နဲ့ ဝေဟင် သွားလာခွင့်တွေ တားမြစ်သွားမှာ ဖြစ်ပါတယ်။

အရင် အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ပြီးနောက် တရုတ်ရဲ့ အခု ပြုလုပ်မယ့် စစ်ရေး လေ့ကျင့်မှုဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ဆဌမမြောက် ကြီးကြီးမားမား စစ်ရေး လေ့ကျင့်မှု ဖြစ်ပါတယ်။

ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ရင် မိမိတို့ စစ်ရေးအရ ဝင်ပါရနိုင်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအိချီက ပြောဆိုခဲ့ပြီးနောက်ပိုင်း ဘေဂျင်းနဲ့ တိုကျိုကြား အပြန်အလှန် ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။

ဒီစစ်ရေး လေ့ကျင့်မှုတွေဟာ ထိုင်ဝမ် လွတ်လပ်ရေး ခွဲထားရေး အင်အားစုတွေနဲ့ ပြင်ပက ကြားဝင်စွက်နေတဲ့ အင်အားစုတွေကို ပြင်းပြင်းထန်ထန် သတိပေးမှု ဖြစ်တယ်လို့ တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရှီယီက ပြောပါတယ်။

အဲဒီ စစ်ရေး လေ့ကျင့်မှုတွေအတွင်း တရုတ် စစ်တပ်က အဓိက ဆိပ်ကမ်းတွေနဲ့ ဒေသတွေကို ပိတ်ဆို့ပြီး ဘက်ပေါင်းစုံ ကာကွယ်ရေး ရေပြင်နဲ့ဝေဟင် တိုက်ခိုက်ရေး အသင့်ရှိမှု စမ်းသပ်မှုတို့ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီလို ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်မှု မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်း တရုတ် စစ်တပ်က ထိုင်ဝမ်တဝိုက် ဆိပ်ကမ်းတွေကို ပိတ်ဆိုရေး လေ့ကျင့်ခဲ့ပေမယ့် ပြည်ပအင်အားစုတွေကို တားဆီးရေး ရည်ရွယ်ပြုလုပ်တယ်ဆိုတာကိုတော့ ဘေဂျင်းက ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုတာ ဖြစ်ပါတယ်။

အမေရိကန်က ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဒသမ ၁ သန်း တန်ဖိုးရှိ လက်နက်တွေ ရောင်းချမှာ ဖြစ်ကြောင်း အမေရိကန်က ကြေညာပြီးနောက် ၁၁ ရက် အကြာမှာ စစ်ရေး လေ့ကျင့်မှု အစီအစဉ်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါဟာ ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်သို့ အမေရိကန်ရဲ့ အကြီးမားဆုံး လက်နက် ရောင်းချမှု ဖြစ်ပြီး တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက အင်အားသုံး တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

ထိုင်ဝမ်ကို တရုတ်က သူတို့ ကိုယ်ပိုင်နယ်မြေ တစ်ခု အဖြစ် သတ်မှတ်ထားပြီး သူတို့ အုပ်ချုပ်မှုအောက်မှာ ထားရှိရေး အင်အားသုံးစရာလိုရင် သုံးမယ်လို့ ပြောထားပါတယ်။
Ref:Reuters

လူကြိုက်များတဲ့ ကျောင်းသားခေါင်းဆောင် ရှရစ်ဖ် အိုစမန် ဟာဒီကို သတ်ဖြတ်သူတွေ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ်ရဲ တပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။

အခုလို ပြောဆိုမှုကြောင့် အိမ်နီးချင်း အိန္ဒိယနဲ့ ဆက်ဆံရေးကို ထပ်ပြီး ထိခိုက်စေနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က လူထုအုံကြွမှုမှာ ပါဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံအပေါ် ဝေဖန်သူ ဟာဒီကို မျက်နှာဖုံး စွပ်ထားတဲ့ သေနတ်သမားတွေက ဒါကာမြို့မှာ အခုလဆန်းပိုင်းက ပစ်ခတ်ခဲ့ပါတယ်။

ရရှိထားတဲ့ သေနတ်ဒဏ်ရာတွေကို စင်ကာပူ အထိသွားရောက်ပြီး ဆေးကုသမှု ခံယူခဲ့ပေမယ့် သူသေဆုံးသွားခဲ့ပါတယ်။

သူသေဆုံးသွားတာကြောင့် အကြမ်းဖက် ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အိန္ဒိယ အသားပေး ရေးသားပုံရတဲ့ ထိပ်တန်း သတင်းစာတိုက် နှစ်ခု အပါအဝင် အဆောက်အဦတွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။

နိုင်ငံတဝှမ်း နေ့တိုင်းနီးပါး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာကြောင့် ဟာဒီကို လုပ်ကြံသွားသူတွေကို ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ချ် ယာယီအစိုးရအပေါ် ဖိအားတွေ ပိုများလာခဲ့ပါတယ်။

သူဟာ လာမယ့်နှစ် ဖေဖော်ဝါရီ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။

အဲဒီ သတ်ဖြတ်မှုဟာ ကြိုတင်ကြံစည်ထားတာ ဖြစ်ပြီး ကျူးလွန်သူတွေ ဘယ်သူတွေ ဖြစ်ကြောင်းလည်း ဖော်ထုတ် သိရှိထားပြီး ဖြစ်ကြောင်း ဒါကာမြို့တော် ရဲတပ်ဖွဲ့ အကြီးတန်း အရာရှိ တစ်ယောက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်က ဟာဒီကို တိုက်ခိုက်ပြီးနောက် သံသယရှိသူနှစ်ဦးဟာ အချိန်တိုအတွင်းမှာပဲ နယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယသို့ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ အဲဒီအရာရှိက ဆိုပါတယ်။

သံသယရှိသူ နှစ်ဦးကို နယ်စပ်မှာ အိန္ဒိယ အရပ်သား နှစ်ယောက်က လာရောက် ခေါ်ဆောင်ပြီး အရှေ့မြောက်ပိုင်း မီဂါလာယာ ပြည်နယ်ရှိ သူတို့ရဲ့ တခြား ကြံရာပါ နှစ်ဦးဆီ လွှဲအပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ချ် စုံစမ်းစစ်ဆေးရေးမှူးတွေက အိန္ဒိယ အရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကြံရာပါ သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထား ပေးတယ်လို့ ဒါကာ ရဲတပ်ဖွဲ့က ပြောပါတယ်။

အိန္ဒိယနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း အတည်ပြုထားချိန်မှာ နယ်စပ်က ရဲစခန်းနဲ့ ဆက်သွယ်ထားတယ်လို့ ဒါကာ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ အဲဒီ နယ်စပ် ရဲစခန်းကို အေအက်ဖ်ပီသတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဟာဒီ သတ်ဖြတ်ခံရမှုမှာ နယူးဒေလီအစိုးရ ပါဝင်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက စောစောပိုင်းကတည်းက ပယ်ချထားပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ လူထုအုံကြွမှုအတွင်း ဝန်ကြီးချုပ် ဟာဆီနာ အိန္ဒိယသို့ ထွက်ပြေးသွားပြီး နောက်ပိုင်း အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပါတယ်။

မျက်ကွယ်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ ဟာဆီနာကို လွှဲပြောင်းပေးရေး ဘင်္ဂလားဒေ့ချ်ရဲ့ တရားဝင် တောင်းဆိုထားမှုကို စဉ်းစားနေဆဲ ဖြစ်ကြောင်း အိန္ဒိယက ပြောပါတယ်။

မွတ်စလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ချ်မှာ ဒီဇင်ဘာ ၁၈ ရက်က ဟိန္ဒူ အထည်ချုပ် အလုပ်သမား တစ်ဦးကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရိုက်နှက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုဆိုးလာခဲ့ ပါတယ်။

လုံခြုံရေး အခြေအနေ ဆိုးရွားလာချိန်မှာ ဘင်္ဂလားဒေ့ချ် ပြည်ထဲရေးဝန်ကြီးဌာနကို ကြီးကြပ်နေသူ ရာထူးက ဒီဇင်ဘာ ၂၅ ရက်က နုတ်ထွက်ထားပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.