ရှန်ကျန်း၊ နိုဝင်ဘာ ၅

တရုတ်နိုင်ငံသား ၆ ဦး သေဆုံးမှု အပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာရာဇဝတ်ဂိုဏ်း ခေါင်းဆောင် တစ်ဦးကို တရုတ်တရားရုံးက နိုဝင်ဘာ ၄ ရက်မှာ သေဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ကိုးကန့် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် ပေရှူချန်း၊ သူရဲ့ သားဖြစ်သူ ပေရင်ကန်းနဲ့ သူတို့ရဲ့ အပေါင်းအပါ ၃ ဦးကို ဂွန်ဒေါင်းပြည်နယ်ရှိ ရှန်ကျန်း ပြည်သူ့တရားရုံးက သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ပေမိသားစုအတွက် အလုပ်လုပ်ပေးခဲ့တဲ့ နောက်ထပ် တရားခံ ၁၆ ယောက်ကိုတော့ မတူညီတဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တရားခံ ၁၆ ယောက်ထဲက ၂ ယောက်ကို သေဒဏ်ချမှတ်ခဲ့ပေမယ့် နှစ်နှစ် ဆိုင်းငံ့မှု ပါဝင်တယ်လို့ တရားရုံးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

နောက်ထပ် တရားခံ ၅ ယောက်ကိုတော့ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် တရားခံ ၉ ယောက်ကတော့ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အပါအဝင် မတူညီတဲ့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး ဒဏ်ရိုက်ခံရတာမျိုးလို တရုတ်နိုင်ငံကနေ နှင်ထုတ်တာမျိုးလို တခြား ပြစ်ဒဏ်တွေလည်း ချမှတ်ခံခဲ့ရပါတယ်။

ပေနဲ့ သူ့အုပ်စုရဲ့ အမာခံအဖွဲ့ဝင်တွေဟာ လက်နက်ကိုင်တွေရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်း လူလိမ်လုပ်ငန်းတွေကို ကြီးကြီးမားမား အတိုင်းအတာနဲ့ လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ လုပ်ရပ်တွေကြောင့် တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ရပြီး နောက်ထပ် တစ်ဦး ကိုယ့်ကိုယ်ကို သတ်သေခဲ့သလို နောက်ထပ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသူတွေ အများကြီး ရှိကြောင်း သိရပါတယ်။

ခေါင်းဆောင် ပေမှာ ကိုယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့ ရှိပြီး ရင်းနှီးမြှုပ်နှံသူတွေ အထင်ကြီးအောင် အဆောက်အဦကြီး ၄၁ ခုအထိ ဆောက်လုပ်ပြီး ရာဇဝတ်ဂိုဏ်း ထောင်ထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ ဂိုဏ်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေမှာ ဆက်သွယ်ရေး လိမ်လည်မှု၊ အွန်လိုင်း လိမ်လည်မှု၊ တရားမဝင် ကာစီနိုလုပ်ငန်း၊ လူသတ်မှု၊ ပြန်ပေးဆွဲ အကြပ်ကိုင်မှု၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ပါဝင်နေပါတယ်။

သူ့အဖွဲ့ရဲ့ အွန်လိုင်း လူလိမ်လုပ်ငန်းတွေနဲ့ တရားမဝင် လောင်းကစား လုပ်ငန်းက ရရှိထားတဲ့ ဝင်ငွေပမာဏဟာ ကန်ဒေါ်လာ ၄ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။

သူတို့အဖွဲ့ရဲ့ မက်သာဖက်တမင်း မူးယစ်ဆေး မှောင်ခိုတင်ပို့မှု ၁၁ တန်အထိ ရှိတယ်လို့လည်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

Ref: South China Morning Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.