နေပြည်တော် ၊ အောက်တိုဘာ ၂၄

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ စစ်အုပ်စုက ဖြေလျှော့ပေးနေပြီဆိုတဲ့ သုံးသပ်မှုတွေ မလုပ်ဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ ၅ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသယောင်နဲ့ စစ်အစိုးရက ခပ်စိပ်စိပ် ဖော်ပြလာနေတာပါ။

စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသူအဖြစ် သုံးနှုန်းပြီး သားဖြစ်သူ ကိုထိန်လင်းနဲ့ အောက်တိုဘာ ၂၂ ရက်မှာ လန်ဒန်မြို့ရှိ မြန်မာသံရုံးကနေတဆင့် မိနစ် ၂၀ ကြာ ဖုန်းပြောခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ စကားပြောကြေးနန်းနဲ့ ကောင်စီဆိုင်ရာ ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတရဲ့ အခွင့်အာဏာအတွင်းက လုပ်ဆောင်ပိုင်ခွင့်ရှိတဲ့ အထူးကိစ္စရပ်အနေနဲ့ စစ်အစိုးရ သတ်မှတ်ထားတာပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ မစ္စတာ Arnaude De Baqque နဲ့ စစ်အစိုးရက တွေ့ဆုံခွင့်ပြုခဲ့ပါသေးတယ်။

အခုလို ဖုန်းပြောခွင့်ပေးရုံ ICRC နဲ့ တွေ့ခွင့်ပေးရုံလောက်နဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ပြေလည်သွားမှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ထောက်ပြပါတယ်။

ဒါကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ ကျေနပ်နှစ်သိမ့်မနေဘဲ မြန်မာပြည် တကယ်ငြိမ်းချမ်းစေဖို့ စစ်အုပ်စုကို ဒီထက်ပိုတဲ့ ဖိအားတွေ အပြစ်ပေးအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်ပေးကြဖို့ သူက အခုလို ပြောပါတယ်။

“ဒီလိုမျိုးလေးတွေ ထုတ်ပြရုံနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာက သြော် စစ်အုပ်စုကတော့ ဒီလိုမျိုး ဖြေလျှော့မှုတွေ ပေးနေပါပြီလို့ သုံးသပ်မှုတွေ မလုပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါတွေက သူတို့ လုပ်လေ့လုပ်ထရှိတဲ့ သူတို့ဘက်ပေါင်းစုံ အကျပ်အတည်းကြုံလာတဲ့အခြေအနေမှာ လုပ်လေ့လုပ်ထရှိတဲ့ အာဏာရှင်တွေရဲ့ ပုံစံပဲဖြစ်တယ်။ ဒီဟာလောက်နဲ့ နိုင်ငံတကာအနေနဲ့ ကျေနပ်နှစ်သိမ့် မနေပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ မြန်မာနိုင်ငံ တကယ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေဖို့အတွက် လက်ရှိ အကြမ်းဖက် စစ်အုပ်စုကို ဒီထက်ပိုတဲ့ ဖိအားတွေ အပြစ်ပေးအရေးယူမှုတွေ ဝိုင်းပြီးတော့ ဆက်ပြီးလုပ်ဆောင်ပေးကြဖို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာဖို့ မျှော်လင့်နေကြတာလို့ ဦးအောင်မျိုးကျော်က ဆက်ပြောပါတယ်။

စစ်အုပ်စုအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အပါအဝင် နိုင်ငံတဝန်း ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေမှာလည်း အကြီးအကျယ် ရှုံးနိမ့်နေသလို နိုင်ငံတကာမျက်နှာစာမှာလည်း စစ်အုပ်စုကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေ လက်ချိုးရေလို့ရတယ်လို့ ထောက်ပြပါတယ်။

ဒီလိုမျိုး ဘက်ပေါင်းစုံ ရှုံးနိမ့်နေချိန်မှာ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ကစားလာတာဟာ ခေတ်အဆက်ဆက်မှာ ကြုံတွေ့ခဲ့ရပြီးဖြစ်လို့ လက်ရှိမှာလည်း ဓားစာခံအဖြစ် ဖမ်းထားပြီး လိုအပ်သလို ထုတ်သုံးလာတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၉ ရက်ကလည်း ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားလ်စ်ဘုရင်က ပေးပို့တဲ့ စာအုပ် ၂ အုပ်၊ အိတ်ပိတ်စာအိတ် ၁ အိတ်နဲ့ သံတမန်အိတ်ပိတ်စာတိုကို စစ်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံ ပေးအပ်ခဲ့တာပါ။

အဲဒီနောက်ပိုင်း အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ ၅ နှစ်ကျော်ကြာပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ မိသားစုဝင်ဖြစ်တဲ့ သားဖြစ်သူနဲ့ တယ်လီဖုန်းကနေဆင့် စကားပြောခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ကိုထိန်လင်းက မေမေ့အသံကို ပြန်ကြားရတာ သူ့အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိကြောင်းနဲ့ တစ်ကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို လွတ်မြောက်ခြင်း မဟုတ်ကြောင်း လူမှုကွန်ရက်ကနေ အသိ‌ပေးထားတာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ အပေးအယူလုပ်ရာမှာ အသုံးမချသင့်ဘူးလို့ ဆိုပါတယ်။

အခြေခံလူ့အခွင့်အရေးတွေကို တရားဝင်အသိအမှတ်ပြုမှုနဲ့ အလဲအလှယ်မလုပ်ဖို့ကိုလည်း ဗြိတိန်အစိုးရ အပါအဝင် စစ်အာဏာရှင်တွေနဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးကို ကိုထိန်လင်းက မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို အရင်းခံပြီး နိုင်ငံ့အာဏာကို အပိုင်းလိုက်‌ရွေးကောက်ပွဲကနေ ဆက်လက်ချုပ်ကိုင်ထားတဲ့ စစ်အစိုးရက ပြီးခဲ့တဲ့ ဧပြီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်မှာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။

ဒီအပေါ် စစ်အစိုးရက လူသားချင်းစာနာထောက်ထားမှုကို အ‌လေးထားပြီး နိုင်ငံတော်က မေတ္တာစေတနာထားတဲ့အနေနဲ့ ကျန်ရှိတဲ့ပြစ်ဒဏ်တွေကို ဆက်လက်ကျခံစေဖို့ အကျဉ်းထောင်ကနေ နေအိမ်ကို ပြောင်းလဲသတ်မှတ်ခဲ့တာလို့ ဝါဒဖြန့်ထားတာပါ။

လေ့လာသူတွေကတော့ စစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို လိုအပ်နေတာကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သံတမန်ရေးအရ ဆက်တိုက် အသုံးချလာနေပြီး သ‌ဘောထားပျော့ပြောင်းလာနေပြီဆိုတဲ့ ဇာတ်ကြောင်းကို ပုံဖော်နေတာလို့ သုံးသပ်‌ပြောဆိုနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.