မြဝတီ၊ အောက်တိုဘာ ၂၄
ကရင်ပြည်နယ် မြဝတီတောင်ဘက် မင်းလက်ပံနဲ့ ဖလူးနယ်မြေမှာ KNLA တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ထိုင်းသတင်းတွေဆီက သိရပါတယ်။
မြဝတီမြို့နယ်တောင်ဘက်ခြမ်းရှိ မင်းလက်ပံနဲ့ ဖလူးနယ်မြေတို့ကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်တာတွေ လုပ်ဆောင်နေလျက်ရှိရာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကစလို့ စစ်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းက စစ်တပ်နဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၄ လုံးဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဟာဝမ်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တွေထိခိုက်ပျက်စီးမှုရှိခဲ့ကာ ဒေသခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံ လက်နက်ကြီးတွေ ထပ်မံကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တာကြောင့် အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းက ထိုင်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားရာအနီး ထိုင်းနိုင်ငံဘက်ခြမ်းကို တပ်အင်အားတွေ တိုးမြှင့်ချထားပြီး စောင့်ကြည့်လျက်ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြီးနေအိမ်မှာပြန်လာနေထိုင်တဲ့ ဖလူးဒေသခံတစ်ဦး သေဆုံးခဲ့ကာ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် ဖလူး မင်းလက်ပံရွာတွေထဲမှာ ပြန်လာနေထိုင်လို့မရဲသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ မြဝတီမြို့နယ်တောင်ဘက်ခြမ်းက ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်တဲ့ ကျေးရွာတွေအပေါ် လေကြောင်းဗုံးကြဲတာတွေ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တာတွေ မကြာခဏဆိုသလို လုပ်ဆောင်နေလေ့ရှိပြီး အရပ်သားတွေထိခိုက်သေဆုံးတာတွေလည်း မကြာခဏဖြစ်ပွားလျက်ရှိတာပါ။
မြဝတီမြို့နယ်တောင်ဘက်ခြမ်းရှိ KNU ထိန်းချုပ်တဲ့ ဖလူး မင်းလက်ပံနယ်မြေတို့ကို အာဏာသိမ်း စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ တစ်နှစ်ပြည့်လာပြီဖြစ်ပေမယ့် ဒီကနေ့အချိန်အထိ အဲဒီနယ်မြေတွေကို မသိမ်းယူနိုင်သေးဘဲ ဆက်လက်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

