ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၅

လူ ၁၂၁ ဦး သေဆုံးခဲ့ရတဲ့ ရီယိုဒီဂျနေရိုးမြို့ရှိ အင်အားကြီးမားတဲ့ ရာဇဝတ်ဂိုဏ်း တစ်ခုကိုရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်တယ်လို့ ဘရာဇီးသမ္မတ လူလာ ဒါဆေးလ်ဗားက ပြောလိုက်ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဘယ်လို ဖြစ်သွားခဲ့သလဲဆိုတာကို စစ်ဆေး အတည်ပြုဖို့ လိုအပ်တယ်လို့ သမ္မတ ဒါဆေးလ်ဗားက AFP အပါအဝင် နိုင်ငံတကာသတင်းဌာနတွေနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ Red Command မူးယစ်ဆေးဝါးဂိုဏ်းကို ရဲတပ်ဖွဲ့က အင်အား အလုံးအရင်းနဲ့ ဖြိုခွင်းရာမှာ ရာဇဝတ်ဂိုဏ်းသားတွေက ရဲတပ်ဖွဲ့ဝင်တွေကို ဒရုန်းတွေနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေသုံးပြီး ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။

လက်ရှိ ဘရာဇီးမှာ အင်အားတောင့်တင်းတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ဒရုန်းတွေနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ အသုံးပြုမှု ပိုများလာတယ်လို့ Royal United Services Institute က လေ့လာသူ ကားလို့စ် ဆိုလာက ပြောပါတယ်။

Red Command ဂိုဏ်းက သူတို့ရဲ့ ပြိုင်ဖက် First Capital Command ဆီ လက်လွှတ်ပေးလိုက်ရတဲ့ နယ်မြေတွေအတွက် မကြာသေးခင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရီယိုဒီဂျနေရိုးမြို့မှာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ သတင်းယူနေတဲ့ သတင်းထောက်တွေက ဆိုပါတယ်။

ရဲတပ်ဖွဲ့ ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ကို ဘရာဇီး ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပြီး ရာဇဝတ်ဂိုဏ်းသားတွေက လက်နက်အပြည့်အစုံနဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။

အဲဒီနောက် ရီယိုဒီဂျနေရိုးမြို့ရှိ ဈေးတစ်ခုနဲ့ မြောက်ဖက်ရှိ ပန်ဟာဒေသမှာ အလောင်းတွေ တန်းစီပြီး ချထားတာ မြင်တွေ့ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြစ်တင် ရှုတ်ချထားပေမယ့် ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့ ဒေသခံတွေက ထောက်ခံကြတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်က ရီယိုဒီဂျနေရိုးမြို့မှာ လက်တွေ့ကြုံနေရတဲ့ လုံခြုံရေးပြဿနာနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး နည်းလမ်းနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း ဖော်ပြနေပါတယ်။

လက်ရှိအချိန်အထိ သေဆုံးသူ ၉၉ ဦးကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း စစ်ဆေး အတည်ပြုထားပြီး သူတို့ထဲက ၄၂ ဦးဟာ ဖမ်းဝရမ်း ထုတ်ထားသူတွေ ဖြစ်ကာ ၇၈ ဦးဟာ ရာဇဝတ်မှု တော်တော်များများ ကျူးလွန်ဖူးသူတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အစိုးရ ပျော့ညံ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေချိန်မှာ သမ္မတ ဒါဆေးလ်ဗားက ရာဇဝတ်ဂိုဏ်းဝင်တွေကို အနည်းဆုံး ထောင် အနှစ် ၃၀ ချမှတ်ရေး လွှတ်တော်ဆီ အဆိုပြုထားပါတယ်။

သတ်ဖြတ်ခံရသူတွေရဲ့ အလောင်းတွေ ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခံထားရပြီး ဓား ဒါမှမဟုတ် ချွန်ထက်တဲ့ ပစ္စည်းနဲ့ ထိုးသွင်းထားတဲ့ ဒဏ်ရာတွေ အများကြီး တွေ့ရတယ်လို့ ဓာတ်ပုံ သတင်းထောက် တစ်ဦးက ပြောဆိုထားပါတယ်။

Ref: CBS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.