ဆိုးလ်၊ နိုဝင်ဘာ ၅
ရုရှား အခြေခံအဆောက်အဦတွေ ပြန်လည် တည်ဆောက်ရာမှာ ပါဝင်ကူညီပေးရေး မြောက်ကိုရီးယားက ဆောက်လုပ်ရေး တပ်သား ၅၀၀၀ စေလွှတ်ထားတယ်လို့ တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးက ထောက်လှမ်းရေးအေဂျင်စီရဲ့ ရှင်းလင်းမှု အပြီးမှာ ပြောလိုက်ပါတယ်။
ယူကရိန်း စစ်ပွဲအတွင်း ရုရှားဖက်က ကူညီတိုက်ခိုက်ရေး မြောက်ကိုရီးယားက စစ်သား အများအပြား စေလွှတ်ထားပြီး ရုရှားဆီက အရေးပါတဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိနေတာကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အရင်ကထက် ရဲတင်းလာပါတယ်။

မြောက်ကိုရီးယားက စက်တင်ဘာလက စတင်ပြီး ဆောက်လုပ်ရေး တပ်သား ၅၀၀၀ ကို အသုတ်လိုက်ခွဲပြီး ရုရှားသို့ စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား လွှတ်တော် အမတ် လီဆိုးကွန်က သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားသို့ နောက်ထပ် တပ်ဖွဲ့ဝင်တွေ ချထားရေး မြေက်ကိုရီးယားက စစ်သားတွေကို ရွေးချယ် လေ့ကျင့်ပေးနေတာ တွေ့ရတယ်လို့လည်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောထားပါတယ်။

ရုရှား-ယူကရိန်း နယ်စပ်အနီး မြောက်ကိုရီးယားက စစ်သား ၁၀၀၀၀ အထိ ချထားကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောပါတယ်။
ယူကရိန်း စစ်ပွဲအတွင်း မြောက်ကိုရီးယား စစ်သား ၆၀၀ သေဆုံးသွားခဲ့ပြီး ဒဏ်ရာရသူ ထောင်နဲ့ချီ ရှိနေပြီလို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ဆိုပါတယ်။
ရုရှားသို့ စစ်သားတွေ စေလွှတ် ကူညီပေးမှုအတွက် မြောက်ကိုရီးယားဟာ ငွေကြေး အကူအညီ၊ စစ်ရေး နည်းပညာ၊ စားနပ်ရိက္ခာနဲ့ စွမ်းအင် ထောက်ပံ့မှုတွေ လက်ခံ ရရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည် စီမံကိန်းတွေကြောင့် နိုင်ငံတကာက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားရေး ရုရှားဆီက အဲဒီလို အကူအညီ ရယူနေတာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် တွေ့ဆုံဆွေးနွေးမှု မအောင်မြင် ဖြစ်ခဲ့ပြီး နောက်ပိုင်း မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ အနေအထားကို လုံးဝ ပြောင်းလဲလို့ ရမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ကြွေးကြော်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ကိုရီးယား ခရီးစဉ်အတွင်း ဒေါ်နယ်ထရန့်ရဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းမှုကို မြောက်ကိုရီးယားက တုန့်ပြန်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီအချိန်မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေကို မော်စကိုသို့ စေလွှတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အားပိုကောင်းလာအောင် ဆောင်ရွက်ဖို့ သမ္မတ လာဒီမာ ပူတင်နဲ့ သဘောတူညီမှု ရယူခဲ့ပါတယ်။
ကင်ဂျုံအန်က အမေရိကန်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားဆဲ ဖြစ်ပြီး အခြေအနေအချိန်အခါ သင့်တော်ရင် ဆက်သွယ်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ် လီဆိုးကွန်က ပြောပါတယ်။
မြောက်ကိုရီးယားက အမေရိကန်နဲ့ ဆွေးနွေးရေး နောက်ကွယ်က ကြိုးပမ်းမှုတွေ အများကြီး လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေအရ မြောက်ကိုရီးယား အလုပ်သမားတွေအနေနဲ့ပြည်ပမှာ အလုပ်လုပ်ပြီး ဝင်ငွေ ရယူခွင့် မရှိတဲ့အချိန်မှာ ရုရှားဆီ ပြုံးယမ်း အစိုးရက အလုပ်သမားတွေ စေလွှတ်နေတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက IT အလုပ်သမားတွေ အပါအဝင် ရုရှားသို့ အလုပ်သမား ၄၀၀၀၀ စေလွှတ်ဖို့ပြင် ဆင်ထားတယ်လို့ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှု စောင့်ကြည့်ရေး အဖွဲ့က ပြောဆိုထားပါတယ်။
Ref:AFP

