နယူးယောက်ခ် စီးတီး ၊ နိုဝင်ဘာ ၅

နယူးယောက်မြို့တော်ဝန် ရွေးကောက်ပွဲမှာ ဇိုရမ် မမ်ဒါနီ အနိုင်ရရင် ဖက်ဒရယ်ရန်ပုံငွေတွေ ဖြတ်တောက်ပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ခြိမ်းခြောက်ထားပေမယ့် အမေရိကန်ရဲ့ အကြီးဆုံးမြို့တော်ဝန်အဖြစ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် မမ်ဒါနီဟာ ပထမဆုံးမွတ်စလင်မြို့တော်ဝန် ဖြစ်လာပြီး ရာစုနှစ် တစ်ခုအတွင်း အမေရိကန်ရဲ့ အကြီးဆုံးမြို့ကို ဦးဆောင်မယ့် အသက်အငယ်ဆုံး ပုဂ္ဂိုလ် ဖြစ်လာပါတယ်။

နိုင်ငံရေး အမှောင်ကျနေတဲ့ ဒီလိုအချိန် အခိုက်အတန့်မှာ နယူးယောက် အလင်းရပါလိမ့်မယ်လို့ မမ်ဒါနီက ရွေးကောက်ပွဲ အနိုင်ရမိန့်ခွန်းမှာ ပြောပါတယ်။

မမ်ဒါနီက သူ့ရဲ့ မူဝါဒတွေနဲ့ ထရန့်ကို စိန်ခေါ်မယ့် အစီအစဉ်တွေကိုလည်း ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ချပြခဲ့ပါတယ်။

တစ်သီးပုဂ္ဂလ ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ အန်ဒရူး ကူအိုမိုနဲ့ ရီပက်ဘလေကန် ကာတစ် ဆလီဝါကို ကျော်ပြီး မမ်ဒါနီ အနိုင်ရခဲ့မယ်ဆိုရင် နယူးယောက်အတွက် ဖက်ဒရယ် ရန်ပုံငွေတွေကို ဖြတ်တောက်ပစ်မယ်လို့ ဒေါ်နယ် ထရန့်က လူမှုမီဒီယာကတဆင့် ခြိမ်းခြောက်ထားခဲ့တာ ဖြစ်ပါတယ်။

မမ်ဒါနီအနေနဲ့ နယူးယောက်မြို့တော်ဝန် ဖြစ်လာတော့မယ့်အချိန်မှာ စိန်ခေါ်မှုတွေ ရှိနေပြီး အနီးကပ် စောင့်ကြည့်ခံရမှာ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ထရန့်ရဲ့ ဒုတိယသမ္မတ သက်တမ်းအတွင်း ကျင်းပတဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တို့ အလေးသာနေပြီး ဗာဂျီးနီးယားနဲ့ နယူးဂျာစီမှာ ဒီမိုကရက်တွေ အနိုင်ရနိုင်ခြေ ရှိနေပါတယ်။

ဗာဂျီးနီးယားမှာ ဒီမိုကရက် အဘီဂေးလ် စပန်ဘာဂါဟာ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

ဒီမိုကရက်ပဲ ဖြစ်တဲ့ မီကီလ် ရှာရေးလ်လည်း နယူးဂျာစီ အုပ်ချုပ်ရေးမှူုး ရွေးကောက်ပွဲမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ယူဂန္ဓာနိုင်ငံ ကမ်ပါလာမြို့မှာ မွေးဖွားတဲ့ မမ်ဒါနီဟာ အသက် ၇ နှစ်အရွယ်မှာ နယူးယောက်မြို့ကို သူ့ရဲ့ မိသားစုနဲ့အတူ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

သူက လူတိုင်း တတ်နိုင်မယ့် နေစရာအိမ်၊ အများသုံး ဘတ်စ်ကား အခမဲ့ စီးနင်းခွင့် ၊ ၅နှစ်အောက် ကလေးများအတွက် ကလေးစောင်ရှောက်ပေးမှုတို့ ရရှိအောင် လုပ်ဆောင်ပေးဖို့ ကတိပေးခဲ့ပါတယ်။

အမေရိကန်ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တို့ အနိုင်ရတာဟာ သမ္မတဟောင်း ဘားရက် အိုဘားမားက ထရန့်ရဲ့ ထင်ရာစိုင်းနေတဲ့ လုပ်ရပ်တွေကို တားဆီးကြဖို့ ဒီမိုကရက်တို့အား တိုက်တွန်းပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.