မော်စကို၊ နိုဝင်ဘာ ၆

ကြားဖြတ် ပစ်ချဖို့ မဖြစ်နိုင်ဘဲ သမရိုးကျ ထိပ်ဖူးတွေနဲ့ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ Oreshnik ဒုံးကျည်တွေ ဗင်နီဇွဲလားသို့ ပေးပို့ရေး လမ်းဖွင့်ထားတယ်လို့ ရုရှား ကရင်မလင် နန်းတော်က ပြောလိုက်ပါတယ်။

မိမိတို့က အဲဒီဒုံးကျည်တွေကို ဗင်နီဇွဲလားသို့ ပေးပို့ရေး လမ်းဖွင့်ထားတာကြောင့် အမေရိကန်အနေနဲ့ အံ့သြစရာ တချို့နဲ့ ကြုံတွေ့ကောင်း ကြုံတွေ့ရလိမ့်မယ်လို့ ရုရှားလွှတ်တော် ကာကွယ်ရေးကော်မတီ ဒုဥက္ကဋ္ဌ အလက်စီ ဇူရယ်ယော့ဗ်က ပြောပါတယ်။

Oreshnik ဒုံးကျည်တွေ ဒါမှမဟုတ် Kalibr လို အရည်အသွေး ကောင်းကောင်း သက်သေပြထားပြီး ဖြစ်တဲ့ ဒုံးကျည်တွေလို လက်နက်အသစ်တွေကို မိတ်ဆွေနိုင်ငံ တစ်ခုဆီ ချထားရေး အတားအဆီး ရှိလိမ့်မယ်လို့ မိမိအနေနဲ့ မထင်မိကြောင်း ဒုဥက္ကဋ္ဌ အလက်စီက ရုရှား သတင်းဌာန Gazeta.Ru သို့ ပြောထားပါတယ်။

ရုရှား ဒါမှမဟုတ် ဘယ်လာရုဇ်က ပစ်လွှတ်မယ်ဆိုရင် Oreshnik ဒုံးကျည်တွေဟာ ဥရောပ တိုက်ရှိ ဘယ်လို ပစ်မှတ်မျိုးကိုမဆို ပစ်ခတ် တိုက်ခိုက်နိုင်တယ်လို့ မော်စကိုက ပြောဆိုထားပါတယ်။

အဲဒီ ဒုံးကျည်တွေဟာ အားအရမ်းကောင်းပြီး သမရိုးကျ ထိပ်ဖူးတွေ အများကြီး တပ်ဆင်ပြီး တိုက်ခိုက်မယ် ဆိုရင်တောင် နျူကလီးယား ထိပ်ထူးနဲ့ တိုက်ခိုက်သလို ဖျက်အားပြင်း နိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောဆိုထားပါတယ်။

၂၀၂၄ ခုနှစ်နိုဝင်ဘာလက ယူကရိန်းအရှေ့ပိုင်း ဒီနီပရိုမြို့မှာ ရုရှားက Oreshnik ဒုံးကျည်နဲ့ ပထမဆုံး တိုက်ခိုက်ခဲ့ပြီး ယူကရိန်းက အမေရိကန်နဲ့ ဗြိတိန် ထောက်ပံ့ထားတဲ့ တာဝေးပစ် လက်နက်တွေ အသုံးပြုမှုကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ အဲဒီလို တိုက်ခိုက်တာ ဖြစ်တယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။

ကာရေဘီယံပင်လယ်မှာ အမေရိကန် စစ်အင်အား တိုးမြှင့်ချထားတဲ့အချိန် ဗင်နီဇွဲလားသမ္မတ မာဒူရိုက ပူတင်ဆီ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ပြီး စစ်ရေးအကူအညီ တောင်းခံခဲ့တယ်လို့ ယုံကြည်ရပါတယ်။

သမ္မတ မာဒူရိုက ဗင်နီဇွဲလား ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ရုရှားထုတ် Sukhoi Su 30MK2 တိုက်လေယာဉ်တွေ ပြန်လည် အသုံးပြုရေး အပါအဝင် လေကြောင်းကာကွယ်ရေး အားဖြည့်ပေးဖို့ ရုရှားထံ တောင်းဆိုခဲ့ပြီး ဒုံးကျည် ၁၄ စင်း ဝယ်ယူခဲ့တယ်လို့ ဝါရှင်တန်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ဗင်နီဇွဲလားအစိုးရအနေနဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ Sukhoi Su-30MK2 တိုက်လေယာဉ်တွေဟာ အရေးအပါဆုံး တားဆီးခုခံရေး လက်နက်တွေ ဖြစ်တယ်လို့ မာဒူရိုက ပူတင်ဆီ ပေးပို့တဲ့ စာမှာ ရေးသားထားပါတယ်။

ကာရာကတ်စ်အစိုးရဟာ သူတို့ရဲ့ စစ်ရေး စွမ်းပကား တိုးမြှင့်ရေး တရုတ်နဲ့ အီရန်ဆီကိုလည်း ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံထဲ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို တားဆီးရေး ကာရေဘီယံပင်လယ်မှာ လေယာဉ်တင်သင်္ဘောနဲ့ ဒရုန်းတွေ အပါအဝင် အဆင့်မြင့် လက်နက်တွေ အများကြီး ချထားပါတယ်။

ဗင်နီဇွဲလား ကမ်းခြေတွေကနေ ထွက်ခွာလာတဲ့ မူးယစ်ဆေးဝါးတင် သင်္ဘောတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ နောက်ပိုင်း သေဆုံးသူ ၆၀ ကျော်အထိ ရှိပြီ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြချက်နဲ့ အမေရိကန်က လွန်ကဲတဲ့ စစ်အင်အား အသုံးပြုမှုကို ပြစ်တင် ရှုတ်ချကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မာရီယာ ဇာဟာရိုဗာ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မိမိတို့အနေနဲ့ ဗင်နီဇွဲလားမှာ အစိုးရ အပြောင်းအလဲ ဖြစ်စေဖို့ ကြိုးပမ်းနေတာ မဟုတ်ပေမယ့် မာဒူရိုရဲ့ သမ္မတရာထူး အချိန် အကန့်အသတ် ရှိလာပြီလို့ ပြောထားပါတယ်။

ဒီအတောအတွင်း Sarmat တိုက်ချင်းပစ် ဒုံးကျည်တွေကို လာမယ့်နှစ်က စတင်ပြီး စစ်တပ်မှာ အသုံးပြုသွားမှာ ဖြစ်ကြောင်း ပူတင်က နိုဝင်ဘာ ၄ ရက်မှာ ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.