ဝါရှင်တန်၊ နိုဝင်ဘာ ၆

ဂါဇာအတွက် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ ဝေမျှသွားမှာ ဖြစ်တယ်လို့ အမေရိကန်အရာရှိ တစ်ဦးက နိုဝင်ဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။

အီဂျစ်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ တူရကီ၊ ယူအေအီး ကိုယ်စားလှယ်တွေက အမေရိကန်နဲ့ ပူးပေါင်းပြီး ရှင်းလင်းတဲ့ ဒေသဆိုင်ရာ ထောက်ခံမှုကို ပြသသွားမှာ ဖြစ်ကြောင်း အဲဒီအရာရှိက ဖြည့်စွက် ပြောပါတယ်။

နှစ်နှစ်ကြာ စစ်ပွဲအတွင်း အပစ်အခတ် ရပ်စဲရေး၊ ဓားစာခံတွေလွှတ်ပေးရေး ဂါဇာအတွက် ထရန့်ရဲ့ အချက် ၂၀ ပါဝင်တဲ့ အစီအစဉ် ပထမအဆင့်ကို အစ္စရေးနဲ့ ဂါဇာရှိ ဟားမာ့စ် အဖွဲ့တို့ ပြီးခဲ့တဲ့တစ်လမှာ သဘောတူညီခဲ့ကြတာပါ။

ပါလက်စတိုင်း တည်ငြိမ်ရေး နိုင်ငံတကာတပ်ဖွဲ့ ချထားရေးနဲ့ ဂါဇာ အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့အတွက် နှစ်နှစ်ကြာ လုပ်ပိုင်ခွင့် ခွင့်ပြုရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်က မူကြမ်း ရေးဆွဲထားပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ မျှဝေသွားမယ့် အဲဒီ ကုလ ဆုံးဖြတ်ချက်မူကြမ်းကို ပြောင်းလဲမှု တစ်စုံတစ်ရာ လုပ်သွားမှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အတည်ပြုရေး အနည်းဆုံး ထောက်ခံမဲ ၉ မဲနဲ့ ရုရှား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန် ဒါမှမဟုတ် ပြင်သစ်က ဗီတိုအာဏာသုံးပြီး မပယ်ချဖို့ လိုအပ်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ရုရှားနဲ့ တရုတ်တို့ဆီ ပေးပို့ အသိပေးထားပြီးပြီလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လိုအပ်တဲ့ အစီအစဉ် အားလုံး ဆောင်ရွက်နိုင်ရေး ဂါဇာ တည်ငြိမ်ရေး နိုင်ငံတကာ တပ်ဖွဲ့ ဖွဲ့စည်းရေး အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ် ဖွဲ့စည်းခွင့်ပြုဖို့ အမေရိကန်ရဲ့ စာမျက်နှာ နှစ်မျက်နှာပါ ဆုံးဖြတ်ချက် မူကြမ်းမှာ ဖော်ပြထားပါတယ်။

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အသက်ဝင်လာပြီးနောက် ဟားမာ့စ်အဖွဲ့က အစ္စရေး ဓားစာခံတွေနဲ့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို ပြန်လွှဲပေးခဲ့ပြီး အစ္စရေးက ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီအတောအတွင်း ဂါဇာမှာ အစ္စရေးတပ်တွေ တိုက်ခိုက်ခံရမှုကြောင့် အစ္စရေးက လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု အများစု တည်မြဲတယ်လို့ ဆိုနိုင်ပါတယ်။

ဟားမာ့စ်က တိုက်ခိုက်မှုတွေ ထပ်လုပ်မယ်ဆိုရင် အပြီးတိုင် ရှင်းလင်းပစ်ဖို့ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက သတိပေးထားပါတယ်။

ဂါဇာရဲ့ အနာဂတ် အစိုးရအဖွဲ့မှာ ဟားမာ့စ် ပါဝင်ခွင့် ရှိမှာ မဟုတ်ဘဲ အပြီးတိုင် လက်နက် ဖြုတ်သိမ်းရမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောထားပေမယ့် ဟားမာ့စ်အဖွဲ့ လက်နက် ဖြုတ်သိမ်းမယ့် လက္ခဏာ တစ်ခုမှ မတွေ့ရသေးပါဘူး။

ဂါဇာမှာ ချထားမယ့် နိုင်ငံတကာတပ်ဖွဲ့မှာ ပါဝင်မယ့် နိုင်ငံတွေ အများကြီး ရှိတယ်လို့ အမေရိကန်က ပြောထားပေမယ့် အခုထိ အကောင်အထည်ဖော်မှု မရှိသေးပါဘူး။

အမေရိကန် ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင်တွေက ထောက်ခံမှာလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.