ဘားအံမှာ လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

ဘားအံ၊ အောက်တိုဘာ ၂၃

ကရင်ပြည်နယ် ဘားအံမြို့နယ် ဖားပေါင်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်မှာ ကမာမောင်းအခြေစိုက် စစ်ကော်မရှင်တပ်က ဖားပေါင်ကျေးရွာထဲကို လက်နက်ကြီး ၁၂၀ မမ တစ်လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဖားပေါင်ကျေးရွာနေ အသက် ၁၂ နှစ်အရွယ် မနော်ဝါးဘဲနဲ့ အသက် ၃၇ နှစ်အရွယ် ကိုတာတူးတို့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ကလေး ၉ ဦးအပါအဝင် အရပ်သားပြည်သူ ၁၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီလက်နက်ကြီး ပစ်ခတ်မှုဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာထဲကို တမင်သက်သက် ပစ်ခတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလအတွင်း စစ်ကော်မရှင်တပ်ဟာ KNU သထုံခရိုင်အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ဘီးလင်း၊ ကျိုက်ထိုနဲ့ ဘားအံမြို့နယ်တို့မှာ လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.