မွန်ပြည်နယ်မှာ စစ်ကော်မရှင် ရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ပြိုင်မယ်

မော်လမြိုင်၊ အောက်တိုဘာ ၂၂

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၂၅၄ ဦး ရှိတယ်လို့ စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့က ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းထားတာပါ။

အဲဒီထဲမှာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်နေရာ ၄၅ နေရာလုံးမှာ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားပါတယ်။

မွန်နိုင်ငံရေးပါတီဖြစ်တဲ့ မွန်ညီညွှတ်ရေးပါတီက မဲဆန္ဒနယ်နေရာ ၃၈ နေရာမှာ ရွေးကောက်ပွဲ ဝင်ပြိုင်သွားဖို့ ရှိနေပြီး ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက မဲဆန္ဒနယ် ၂၈ နေရာမှာ ရွေးကောက်ပွဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက မဲဆန္ဒနယ် ၃၀ နေရာမှာ ရွေးကောက်ပွဲ ဝင်ပြိုင်မှာ ဖြစ်ပြီး ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်နေရာ ၁၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်နေရာ ၄၂ နေရာ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီက ကိုယ်စားလှယ်နေရာ ၄၄ နေရာ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ကိုယ်စားလှယ်နေရာ ၁၀ နေရာ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်နေရာ ၃ နေရာ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်က တစ်နေရာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.