မိုးကုတ်မှာ ဘောလုံးကွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ် သုံးဦး သေဆုံး

မိုးကုတ်၊ အောက်တိုဘာ ၂၂

မန္တလေးတိုင်း မိုးကုတ်မြို့ရှိ ဖူဆယ်ဘောလုံးကွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် သုံးဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။

မနေ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ မိုးကုတ်မြို့နယ် ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကန့်တောရပ်ကွက်ရှိ အသက် ၆ နှစ်အရွယ် မခူသာ၊ အသက် ၁၀ နှစ်အရွယ် မချာရှီးနဲ့ အသက် ၁၂ နှစ်အရွယ် မမွန်သူတို့ သုံးဦး ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် ဗုံးကွဲမှုအတွင်း အရပ်သား နေအိမ် ၁၁ လုံးနဲ့ ဖူဆယ်ဘောလုံကွင်း တစ်ကွင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA က တိုက်တွန်းထားပါတယ်။

အခုလ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်းရှိ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ပိုမိုမြင့်တက်လာပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.