KK Park ကို စစ်တပ် ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် လုပ်သားအများအပြား တိမ်းရှောင်

မြဝတီ၊ အောက်တိုဘာ ၂၃

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်နားမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ KK Park ဝင်းထဲကို စစ်ကော်မရှင်တပ်က ထပ်မံပြီး ဝင်ရောက်စစ်ဆေးသွားမယ်လို့ သတင်းတွေထွက် ပေါ်ခဲ့ပြီးနောက် ဝင်းထဲက အလုပ်သမားအများအပြားဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့က နယ်စပ်နားက KK Park ကျားဖြန့်ဝင်းထဲကို စစ်ကော်မရှင်တပ်က ဝင်ရောက်စစ်ဆေးမယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ရာ BGF က ဝင်းထဲမှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို ကားတွေနဲ့ အခြားနေရာတွေဆီ လိုက်လံပို့ဆောင်ပေးနေသလို ဝင်းထဲက အလုပ်သမားတွေလည်း တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြဝတီမြို့ထဲမှာ ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတွေ အများကြီးရှိနေပြီး ဟိုတယ်၊ တည်းခိုခန်းတွေတောင် ပြည့်နေပြီလို့ မြဝတီသတင်းရင်းမြစ်တချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က မြဝတီမြို့နယ် မယ်ထော်သလေးကျေးရွာအနီးမှာရှိတဲ့ KK Park ကျားဖြန့်ဝင်းထဲကို စစ်ကော်မရှင်တပ်က ဝင်ရောက်စစ်ဆေးခဲ့ရာ လူဦးရေထောင်ချီနဲ့ တိုက်တာအဆောက်အဦး ရာချီတွေ့ရှိခဲ့ရပြီး စတားလင့်စက်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ရဲ့ ဝင်ရောက်စစ်ဆေးမှုဟာ ဟန်ပြသဘောသာဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ကြိုတင်ညှိနှိုင်းပြီးမှသာ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

မြဝတီမြို့တောင်ဘက်က မယ်ထော်သလေး၊ အင်ကြင်းမြိုင်ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်စစ်ကြောင်း ဝင်ရောက်လာပြီးတဲ့နောက် အဲဒီကျေးရွာထဲမှာရှိတဲ့ BGF ထိန်းချုပ်ထားတဲ့ KK Park ကျားဖြန့်ဝင်းထဲကို အခုလို ဝင်ရောက်စစ်ဆေးတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာခဲ့တာပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.