ကျိုက်ထို၊ အောက်တိုဘာ ၂၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာအနီးမှာ စစ်တပ်သတင်ပေး တစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ကော့ဘိန်းကျေးရွာလမ်းခွဲအနီး “ဟာလာဒိုစီ”ထမင်းဆိုင်မှာ ရှိနေတဲ့ စစ်တပ်သတင်းပေး အသက် ၄၀ အရွယ် ကိုအောင်နိုင်ထွန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြည့်ဖမ်းဆီးခဲ့တာပါ။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက်နေ ကိုအောင်နိုင်ထွန်းဟာ စစ်တပ်ရဲ့ လှည့်ကင်းပတ်ကင်းတွေမှာ လိုက်ပါပေးတာ၊ စစ်မှုထမ်း ဖမ်းဆီးရာမှာ ပါဝင်ကူခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုအောင်နိုင်ထွန်းဟာ စစ်တပ်နဲ့ရဲတပ်ဖွဲ့အတွက် လောင်းကစားဝိုင်းတွေကနေ ငွေရှာပေးတာ၊ တော်လှန်ရေးတပ်ဖွဲ့သတင်းတွေ ပေးပို့တာ၊ စစ်တပ်နဲ့ပူးပေါင်းပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်တပ်သတင်းပေး ကိုအောင်နိုင်ထွန်းကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီး ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတိုင်း အရေးယူဆောင်ရွက်သွားဖို့ အထက်ဌာနတွေထံ တင်ပြထားတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို လေကြောင်းကင်းထောက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက် တိုက်လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

