တနင်္သာရီမှာ စစ်ကော်မရှင်တပ်သား နှစ်ဦး PDF ထံ အလင်းဝင်

တနင်္သာရီ၊ အောက်တိုဘာ ၂၃

တနင်္သာရီတိုင်း မြိတ်မြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းက စစ်မှုထမ်းတပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ တပ်ရင်းက စစ်မှုထမ်းတပ်သား နှစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့နဲ့ အောက်တိုဘာ၂ ရက်နေ့မှာ အလင်းဝင်ခဲ့တာပါ။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦးဟာ အမည်လွှဲ တပ်သား မောင်အောင်ဦးနဲ့ အမည်လွှဲ တပ်သား မောင်ခိုင်တို့ဖြစ်ပြီး အလင်းဝင်လာချိန် MA 2 သေနတ်တစ်လက်၊ ကျည်ဘောင် ၄ ခုနဲ့ ကျည်ဆံ ၂၆၀ တောင့် ယူဆောင်လာခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ရဲ့ တပ်သားတွေအနေနဲ့ ပြည်သူဘက်က ရပ်တည်ပြီး အလင်းဝင်လိုပါက တနင်္သာရီတိုင်းစစ်ဌာနရဲ့ တပ်ရင်းတပ်ဖွဲ့နဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေထံ အမြန်ဆုံး ပူးပေါင်းကြဖို့ တိုက်တွန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း မြိတ်ခရိုင် ပလောက်အခြေစိုက် အမှတ် ၁၂ လေ့ကျင့်ရေးသင်တန်းကျောင်းမှာ သင်တန်း တက်ရောက်နေတဲ့ စစ်မှုထမ်းတပ်သား လေးဦး ထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တနင်္သာရီပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.