ကျိုက်ထို၊ အောက်တိုဘာ ၂၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အခြေစိုက် အ မှတ် ၅၉၈ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ဝင်းကံကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝင်းကံကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဒေါ်မက်ကီဟာ တင်ပါးမှာ မိုင်းအစဖောက်ဝင်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ဝင်းကံကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ကျိုက်ထိုမြို့နယ်အုပ်ချုပ်နယ်မြေမှာ ပါဝင်ပြီး ကရင်လူမျိုးအများဆုံး နေထိုင်ပါတယ်။
ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို လေကြောင်းကင်းထောက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက် တိုက်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ကလည်း KNU ဘားအံမြို့နယ် ဖားပေါင်ကျေးရွာထဲကို စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူသုံးဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG

