တနင်္သာရီ၊ အောက်တိုဘာ ၂၄
ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်ရသူ ရှစ်သောင်းကျော်အထိ ရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့ လေကြောင်းပစ် ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ များလာခဲ့တာပါ။
ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၃၆၈၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြိတ်ခရိုင်အတွင်းရှိ ပုလော၊ မြိတ်၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တွေမှာလည်း တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၄၄၀၀၀ ကျော်ရှိခဲ့ပါတယ်။
ပုလောမြို့နယ်တစ်ခုတည်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးထိမ်းရှောင်ရသူ ၂၀၀၀၀ ကျော် ရှိခဲ့ပြီး အဲဒီထဲမှာ ပုလောစစ်ရှောင်စခန်းမှာ နေထိုင်သူ ၃၀၀၀ ဝန်းကျင်ရှိပြီး တနင်္သာရီမြို့နယ်မှာ ရက်ရှည်တိုက်ပွဲဖြစ်ပွားမှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၁၀၀၀ နီးပါး ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ FE5 Thanintharyi က ဆိုပါတယ်။
လက်ရှိမှာ တိုင်းအတွင်းရှိ စစ်ဘေးရှောင်အများစုဟာ စစ်ကော်မရှင်တပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ကြုံတွေ့နေရပြီး အသုံးအဆောင်ပစ္စည်းတွေလည်း ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ်။
ဒါအပြင် စစ်ဘေးရှောင်အများစုဟာ စားနပ်ရိက္ခာ၊ ဆေးဝါးအပြင် အသုံးအဆောင်ပစ္စည်းတွေ အ များအပြားလိုအပ်နေပြီး နိုင်ငံတကာအဖွဲ့အစည်းတွေထံကလည်း အကူအညီတွေ ရရှိတာမရှိဘူးလို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲအပြင် ရေကြောင်း၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက် ပြေးတိမ်ရှောင်ရသူ ၇၉၈၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

