ရေး၊ အောက်တိုဘာ ၂၁
မွန်ပြည်နယ် ရေးမြို့နယ် တောင်စွန်းကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့ သတင်း လိုက်လံထောက်လှမ်းနေတဲ့ ပြည်သူ့စစ်လင်မယားနှစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်က တောင်စွန်းကျေးရွာအနီး ရော် ဘာခြံတစ်ခုမှာ နေထိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ သတင်းထောက်လှမ်းနေတဲ့ ပြည်သူ့စစ် လင်မယား နှစ်ဦးကို ရေးဘီလူးအဖွဲ့က သတင်းအရ စောင့်ကြည့်ထောက်လှမ်းပြီး ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် မျိုးဇော်ဟာ စစ်ကော်မရှင် သြဇာခံ ရေးမြို့နယ် အာယုတောင်ကျေးရွာရဲ့ ဌာနေပြည်သူ့စစ်အဖွဲ့ လင်းဦး ဦးဆောင်တဲ့ တပ်ဖွဲ့က တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ထွက်ဆိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်အဖွဲ့ဝင် မျိုးဇော်ဟာ လင်းဦးရဲ့ ဌာနေပြည်သူ့စစ်အဖွဲ့မှာ ရုံးပိုင်ဆိုင်ရာ လုပ်ငန်းတွေနဲ့ သတင်းထောက်လှမ်းရေး တာဝန်ယူထားသူ ဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဌာနေပြည်သူ့စစ်လင်မယား နှစ်ဦးရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထက်ဌာနကို တင်ပြထားပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်ဖြစ်တာကြောင့် ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ မတိုင်မီ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကြောင်းထိုးတာအပြင် လေကြောင်း ကင်းထောက်မှုတွေ ဆက် တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရေးဘီလူးအဖွဲ့

