ကော့ကရိတ်၊ အောက်တိုဘာ ၂၂
ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံး ကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက် အဦးတွေ ဗုံးထိမှန်ခဲ့ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကော့ကရိတ်မြောက်ပိုင်း KNU တပ်မဟာ ၇ နယ်မြေထဲမှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကော်မရှင်တပ်၊ BGF ၊ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့အပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်လောက်မှာ ကော့ကရိတ်မြို့နယ် မြောက်ဘက်ပိုင်း ထီဖိုးစံ၊ ကော့ဖန်ရပ်၊ နောင်းမီ၊ မိဖာလယ် စတဲ့ ကျေးရွာတစ်ဝိုက်ကို စစ်ကော်မရှင်တပ်က လေ ယာဉ်နှစ်စီးနဲ့ လာရောက်ပျံဝဲပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ထီဖိုးစံရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွား ခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့နေရာတွေဟာ တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲနဲ့ ကျေးရွာတွေအပေါ် ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ နယ်မြေခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၆ ရက်နေ့က ကော့ကရိတ်မြောက်ပိုင်းက နဘူး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက် အဲဒီလမ်းပိုင်းအနီးက မြပတိုင်၊ နောင်းမီ၊ နန်းကော်တေး စတဲ့ ကျေးရွာတွေမှာ စစ်ကြောင်းထိုးလာနေခဲ့ရာ KNLA တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ကော့ကရိတ်မြို့ မြောက်ဘက် မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်း ဟောင်းဘက်ကိုလည်း စစ်ကြောင်းထိုးလာနေပြီး အခုလက်ရှိမှာ စစ်ကော်မရှင်တပ်စစ် ကြောင်းဟာ နောင်နိုင်း ရန်ကုတ်ကျေးရွာဘက်မှာ တပ်စွဲထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေထဲကို စစ်ကြောင်းဝင်ရောက်လာခဲ့တဲ့ စစ်ကော်မရှင်တပ်၊ BGF ၊ ခွဲထွက် DKBA ပူးပေါင်းစစ်ကြောင်းတို့ဟာ ဒေသခံတွေကို ဖမ်းဆီးတာတွေရှိနေသလို ဒေသခံတွေရဲ့ နေအိမ်တွေကိုလည်း ဖျက်ဆီးပြီး ပစ္စည်းတွေယူဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

