မွန်ပြည်နယ်မှာ စစ်တပ်စစ်ကြောင်းတွေကြောင့် ရော်ဘာအစေးခြစ်ဖို့ အခက်ကြုံ

မော်လမြိုင် ၊ အောက်တိုဘာ ၂၂

မွန်ပြည်နယ်မှာ ရော်ဘာလုပ်ငန်းတွေ ပြန်စနေကြပေမယ့် အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ စစ် ကြောင်းတွေကြောင့် ရော်ဘာအစေးခြစ်ဖို့ အခက်ကြုံနေရတယ်လို့ ရော်ဘာတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသတွင်းက မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ရေးမြို့နယ်တို့အပါအဝင် မြို့နယ်အများစုမှာ စစ်ကော်မရှင်တပ်ဟာ ရော်ဘာခြံတွေအတွင်း တပ်စွဲတာ၊ စစ်ကြောင်းဝင်ရောက်လာတာ၊ ကင်းပုန်းဝပ်တာတွေ ရှိနေပါတယ်။

အခုလို ရော်ဘာခြံတွေအတွင်း စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းတွေကြောင့် ရော်ဘာတောင်သူအများစုဟာ အတင်း အဓမ္မဖမ်းဆီးခံရနိုင်တာ၊ မှားယွင်း ပစ်ခတ်ခံရမှာ စိုးရိမ်တာ၊ လုံခြုံမှုမရှိတာတွေကြောင့် ရော်ဘာအစေးခြစ်ဖို့ အခက်ကြုံနေတာပါ။

ရေးမြို့နယ် ရော်ဘာတောင်သူတစ်ဦးကတော့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရင်း ရွာသားတွေကို ခေါ်သွားတာ ရှိတာကြောင့် စစ်ကြောင်းလာပါက ရော်ဘာအစေးခြစ်လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဟိုတလောတုန်းက စစ်ကြောင်းထိုးရင်းနဲ့ ဒီရွာသားတွေကို ခေါ်သွားတာပေါ့နော်။ ခေါ်သွားပြီးမှ ပြန်လွတ်ပေးတာတွေ ရှိတယ်။ စစ်ကြောင်းလာရင်တော့ ရပ်လိုက်တာပေါ့။ အကုန်လုံး ရှောင်ကြတာပေါ့။ ကျွန်တော်တို့ ဒီမြို့ပေါ်နဲ့ အနီးတဝိုက် ခြံတွေကြတော့ သူတို့နည်းနည်း အခက်အခဲ ရှိတာပေါ့”လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းတွေကြောင့် ရော်ဘာစေးခြစ်ဖို့ အလုပ်အကိုင်ပျက်ရတဲ့အပြင် ရော်ဘာခြံအတွင်း မနေရဲကြတော့တဲ့အတွက် အလုပ်သမားခေါ်ယူရတာတွေကအစ အခက်အခဲ ရှိလာတယ်လို့ သူက ဆက်ပြောပါတယ်။

ဘီးလင်းမြို့နယ် ဒေသခံတစ်ဦးကလည်း စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးပါက ရွာဝင်ရွာထွက်တွေအပြင် ရော်ဘာခြံတွေမှာပါ မိုင်းထောင်တာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ စစ်ကြောင်းထိုး သွားမယ် သွားတဲ့လမ်းကြောင်းတွေမှာ ရွာဝင်ရွာထွက်တွေ ရော်ဘာခြံတွေမှာ မိုင်းထောင်တယ်ဆိုရင်တော့ ကျွန်တော်တို့ မရှိဆင်းရဲသား အောက်ခြေ လူတန်းစားတွေ အလုပ်လုပ်ရတာတော့ အခက်အခဲ အကျပ်အတည်းတွေ အများကြီး ဖြစ်တာပေါ့။ နောက်ပြီးတော့ တွေ့လို့ရှိရင် ဖမ်းသွားတာ”လို့ ဆိုပါတယ်။

ရော်ဘာခြံတွေမှာ အလုပ်လုပ်ရင်း စစ်ကော်မရှင်တပ် စစ်ကြောင်းတိုးလို့ ဖမ်းဆီးခံရပါက အနည်း ဆုံး ရိုက်နှက်နှိပ်စက်ခံရနိုင်တဲ့အပြင် အတင်းအဓမ္မ စစ်သား စုဆောင်းတာတွေကြောင့်လည်း တော်ရုံရော်ဘာခြံတွေမှာ အလုပ်လုပ်ဖို့ ကြောက်ရွံ့ လာကြတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ စိုက်ပျိုးရေး ဦးစီးဌာနကတော့ မြန်မာနိုင်ငံမှာ ရော်ဘာအဓိက စိုက်ပျိုးကြတဲ့ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေမှာ ရော်ဘာတစ်ဧကကို ပန်း တိုင်အထွက်နှုန်း ပေါင် ၁၀၀၀ ထွက်ရှိအောင် စီမံချက် ရေးဆွဲနေတယ်လို့ အောက်တိုဘာ ၂၁ ရက်နေ့ထုတ် စစ်ကော်မရှင်ရဲ့ ဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။

အခုလို စစ်ကော်မရှင်က ရော်ဘာ အထွက်နှုန်း များအောင် လုပ်ဆောင်နေတယ်လို့ ပြောပေမယ့် လက်တွေ့ ဒေသတွင်းမှာတော့ စစ်ကော်မရှင် စစ်ကြောင်းတွေကြောင့် ရော်ဘာစေး အပြည့်အဝ မခြစ်နိုင်တာ၊ လုပ်သား ရှားပါးတာ အပြင် ထုတ်လုပ်မှု ကုန်ကြစရိတ် မြင့်မားနေတာကြောင့် အရင်လို ရော်ဘာစေး မခြစ်နိုင်ကြတော့ဘူးလို့ တောင်သူတွေက ဆိုပါတယ်။

မွန်ပြည်နယ်ဟာ နိုင်ငံအတိုင်းအတာအရ ရော်ဘာ အများဆုံး စိုက်ပျိုးတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး ရော်ဘာစိုက်ပျိုးမှုအနေနဲ့ ဧကပေါင်း ငါးသိန်းကျော် ရှိကာ နှစ်စဉ်ရော်ဘာ တန်ချိန် တစ်သိန်းကျော် ထွက်ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.