မိုင်းငေါ့မြို့မှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားနှစ်ဦး သေဆုံး

မိုင်းငေါ့၊ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။

မနေ့ အောက်တိုဘာ၂၀ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ မိုင်ငေါ့မြို့ မြို့မဈေးအနီးကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ လုံးနဲ့ ဆိုင်ခန်း ၅ ခန်း ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အလားတူ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း မိုင်းငေါ့၊ နမ့်ဆန်နဲ့ မန်တုံနဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဟာ အခု အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ TNLA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်ထက်မနည်း ပြုလုပ်ထားပြီး အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ သံဃာတော်အပါအဝင် အရပ်သားပြည်သူ ၄၁ ဦးသေဆုံးထားပါတယ်။

တဖက်မှာလည်း အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.