မော်လမြိုင် ၊ အောက်တိုဘာ ၂၁
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်တဲ့ စစ်မှုထမ်း သင်တန်းအပတ်စဉ် ၁၈ အထိ တပ်သားစုဆောင်းခံရသူ ၃၃၀၀ ထက်မနည်း ရှိလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်ဟာ စစ်ရေးမှာ ရှုံးနိမ့်ပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံး ထိခိုက်မှု မြင့်တက်လာပြီးနောက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်သွင်းခဲ့တာပါ။
ပြည်သူ့ စစ်မှုထမ်းဥပဒေ ပြန်လည် အသက်သွင်းပြီးနောက် စစ်ကော်မရှင်ဟာ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ မွန်ပြည်နယ်မှာ လစဉ် စစ်မှုထမ်းသင်တန်းတွေကို ဖွင့်လှစ်လာတာဟာ အခုလထိ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၈ အထိရှိလာပြီး ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၈ အထိ စစ်မှုထမ်း တပ်သား ၃၃၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပြီး အရေအတွက်အားဖြင့် တစ်လလျှင် ၂၀၀ နီးပါး စစ်သားစုဆောင်းခံထားရတာပါ။
စစ်သားစုဆောင်းခံရသူတွေဟာ ငွေကြေးနဲ့ လူစားထိုး ငှားရမ်းခံရသူတွေ၊ ရောင်းစားခံရသူတွေ၊ အတင်းအဓမ္မ ဖမ်းဆီးခံရသူတွေ၊ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့သူတွေနဲ့ ပေါ်တာဆွဲခံရသူတွေ အများဆုံး ပါဝင်ပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ဟာ စစ်မှုထမ်း သင်တန်းတွေ လစဉ်ဖွင့်လှစ်နိုင်ဖို့အတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဆက်တိုက်ဖိအားပေးတာတွေ ရှိနေပြီး စစ်မှုထမ်း မပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ရာထူးကနေ ဖြုတ်ချတာတွေ ရှိနေပါတယ်။
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း တပ်သားစုဆောင်းမှုကြောင့် လူငယ်တွေဟာ လမ်းသွားလမ်းလာတာကအစ မလုံခြုံမှုတွေ ရှိနေပြီး စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ လူငယ်တွေက ဆိုကြပါတယ်။
စစ်ကော်မရှင်ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၈ အထိ စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ ၇၀,၀၀၀ နီးပါး ရှိလာပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

