သရက်ချောင်း၊ အောက်တိုဘာ ၆
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သဲချောင်းကြီးကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ တောင်ပျောက်တိုက်နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သဲချောင်းကြီးကျေးရွာအတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၉၀ နှစ်အရွယ် ဒေါ်ကြင်အေးနဲ့ ဆယ်ကျော်သက် မိန်းကလေးအပါအဝင် အမျိုးသမီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီထဲမှာ သက်ကြီးပိုင်းအမျိုးသမီးကြီးဖြစ်တဲ့ ဒေါ်ကြင်အေးဟာ ဗုံးစထိမှန် ဒဏ်ရာကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်ခဲ့ရပြီး လက်ရှိမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ် ဗုံးကြဲခဲ့တဲ့ သဲချောင်းကြီးကျေးရွာဟာ တိုက်ပွဲဖြစ်ပွား ဖြစ်ပွားခြင်းမရှိသလို စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုး လှုပ်ရှားတာလည်း ဘာတစ်ခုမှ မရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ကျေးရွာအုပ်စု ကျောက်လှေကားကျေးရွာရှိ နေအိမ် ၇၃ လုံးကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

