မကွေး အောက်တိုဘာ ၆
မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၅ ရက်မှာ ဆင်လူးကျေးရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်း၊ ကာကွယ်ရေးအဖွဲ့တွေကြား မဲဇလီကျေးရွာဝန်းကျင်မှာ အောက်တိုဘာလ ၆ ရက်က တိုက်ပွဲဖြစ်ပွားနေတာပါ။
“အဲဒီမြောက်ဘက်ကနေ ထိုးလာတော့ ကျွဲခြံလယ်မအပါအဝင် မြောက်ကရွာတွေလည်း ရှောင်ကြတာပေါ့။ ဒီဘက် ရှောက်တော-မဲဇလီလမ်းပိုင်းကပြည်သူတွေကလည်း ရှောင်ကြတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားနေရတုန်းပဲ။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စေတုတ္တရာနဲ့ ပွင့်ဖြူအစပ်က ကျောက်ပုံ၊ ခဲပစ်၊ ညောင်ကုန်း၊ ကျွဲခြံ၊ လယ်မ၊ မဲဇလီ၊ ဆည်တော်၊ ကနီ၊ ညောင်ပင်ဝိုင်း၊ ထူးပေါက်က ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတာပါ။
တိုက်ပွဲ ဖြစ်ပွားနေတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းက မဲဇလီ-ဆည်တော် ကြိုးတံတားကို အသုံးပြုခွင့် ပိတ်ပင်လိုက်တယ်လို့်လည်း ပွင့်ဖြူပကဖ က အောက်တိုဘာ ၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းက ပွင့်ဖြူမြို့နယ် ဒေသခံ ၉ ဦးကို သတ်ဖြတ်သွားပြီး စစ်ကော်မရှင်ဘက်က ၄၀ ဝန်းကျင် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရက်ရှည်စစ်ရှောင် ကူညီထောက်ပံ့ရေး

