ထားဝယ်၊ အောက်တိုဘာ ၆
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်အကျဉ်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး အသက်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်ပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာက အသက် ၄၈ နှစ်အရွယ် ဦးအောင်ကိုဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းမှာ နှလုံးဖောက်ဝေဒနာနဲ့ သေဆုံးသွားခဲ့တာပါ။
ဦးအောင်ကိုဦးဟာ ၂၀၂၁ ခုနစ် အာဏာသိမ်းကာလ နှစ်အစပိုင်းကတည်းက စစ်ကော်မရှင်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထားဝယ်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅-က၊ ဖောက်ခွဲ ၅ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၈ နှစ် အမိန့်ချမှတ်ခံခဲ့ရပါတယ်။
အကျဉ်းကျခံနေရချိန် ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် မကြာခဏ ဆေးရုံကို တက်ရောက်ကုသမှု ခံယူခဲ့ပေမယ့် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတာကြောင့် ရောဂါအခြေအနေ မသက်သာဘဲ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းမှာတော့ ထားဝယ်ပြည်သူ့ဆေးရုံက အကျဉ်းသားတွေကို ကုသပေးတဲ့ အဆောင်မှာ ဆေးကုသမှုခံယူနေချိန် နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝ လုံလောက်မှုမရှိတဲ့အပြင် အကျဉ်းထောင်ဆေးမှူးလည်း မရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို တမင်ရည်ရွယ်ချက်ရှိရှိ အနုနည်းနဲ့ အကြမ်းဖက် သတ်ဖြတ်နေတာပဲလို့ သူက ဆက်ပြောပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ လုံလောက်တဲ့ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် အကျဉ်းကျနေချိန်အတွင်း သေဆုံးသူဟာ ဦးအောင်ကိုဦးအပါအဝင် ၃ ဦးအထိရှိလာပြီလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social media

