မြဝတီ၊ စက်တင်ဘာ ၁၉

စစ်ကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွဲအပေါ် ကြိုဆိုထောက်ခံပြီး ရွေးကောက်ပွဲအောင်မြင်စေဖို့အတွက် စစ်တပ်နဲ့ လက်တွဲကာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ဘိဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA က စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလမှာ ကျင်းပမယ့် အထွေးထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရေးဆောင်ရွက်ချက်တွေကို ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးနယ်မြေ၊ ဦးစီးပဓာန နာယကချုပ်ဆရာတော် ဘဒ္ဒန္တ နန္ဒသာရရဲ့ ဩဝါဒလမ်းညွှန်မှုနဲ့ ဖွဲ့စည်းထားတဲ့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဘိ ဦးဆောင်တဲ့ ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေးအထူးဒေသက ကြိုဆိုထောက်ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းပဋိပက္ခတွေမှာ ပါဝင်လျက်ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကနေ တိုက်ပွဲဖော်ဆောင်နေမှုတွေကို ရပ်တန့်ပြီး စစ်ကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံတဝှမ်း ငြိမ်းချမ်းရေးရရှိစေကာ လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ကနေ ပြည်သူရွေးချယ်တင် မြှောက်တဲ့ ဒီမိုကရေစီအစိုးရပေါ်ပေါက်စေပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေးရမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ထောင်နိုင်မယ်လို့ ယုံကြည်ကြောင်း DKBA က ဆိုပါတယ်။

ဒီလို ယုံကြည်ခဲ့တဲ့အလျောက် အခက်အခဲအကြပ်အတည်းတွေများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး စစ်ကော်မရှင်ဘက်က အစဉ်တစိုက် ခိုင်မာစွာ ရပ်တည်ခဲ့တဲ့အဖွဲ့အစည်းဖြစ်တယ်လို့ DKBA က သူ့ရဲ့ရပ်တည်ချက်ကို ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလမှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံကြောင်းနဲ့ ကရင်ပြည်နယ်အ တွင်း ရွေးကောက်ပွဲဝင်ရောက်ကြမယ့် လူပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီတွေကို တရားမျှတစွာ ရွေး ကောက်ပွဲဝင်နိုင်စေဖို့အတွက် တတ်စွမ်းသမျှ ကူညီကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့လည်း DKBA က ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအောင်မြင်စွာဖြစ်ပေါ်လာစေရေးအတွက် စစ်ကော်မရှင်နဲ့ လက်တွဲကာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗိုလ်ဘိဦးဆောင်တဲ့ ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေးအထူးဒေသ DKBA က သဘောထားထုတ်ပြန်လိုက်ပါတယ်။

ဗိုလ်ဘိဦးဆောင်တဲ့ ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေးအထူးဒေသ DKBA ဟာ စစ်ကော်ရှင်တပ်နဲ့ လက်တွဲပူးပေါင်းပြီး ကော့ကရိတ်မြို့တိုက်ပွဲ၊ ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲနဲ့ အာရှလမ်းမကြီးတိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်နဲ့အတူ လက်တွဲပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အ စည်းတစ်ခုလည်းဖြစ်ပါတယ်။

ဗိုလ်ဘိဦးဆောင်တဲ့ ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေးအထူးဒေသ DKBA နည်းတူ ကရင်နယ်ခြားစောင့်တပ် BGF ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့တို့ကလည်း စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံပြီး ကူညီဆောင်ရွက်ပေးသွားမယ်လို့ အသီးသီးထုတ် ပြန်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.