ကျောက်ကြီး၊ စက်တင်ဘာ ၁၈

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်နဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တို့မှာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သား လေးဦး အလင်းဝင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ကျောက်ကြီးမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ခလရ ၆၀ နဲ့ ခမရ ၅၉၀ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသုံးဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA တပ်ရင်း ၉ ထံ အလင်းဝင်းခဲ့တာပါ။

အလင်းဝင်လာတဲ့ တပ်သားသုံးဦးဟာ ကိုဝင်းထွန်း၊ ကိုရှိုင်းမင်းနဲ့ ကိုဝင်းထက်တို့ဖြစ်ပြီး သူတို့ သုံးဦးလုံးဟာ စစ်မှုထမ်း အပတ်စဉ် ၁၁ သင်တန်းဆင်း တပ်သားတွေ ဖြစ်ပြီး အလင်းဝင်လာတဲ့အချိန် အခက်အခဲ အမျိုးမျိုးကြောင့် လက်နက်ခဲယမ်း မယူဆောင်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း စစ်မှုထမ်း အပတ်စဉ် ၁၉ သင်တန်းဆင်း တပ်သား ကိုရဲသိန်းနိုင်ဟာ ထားဝယ်မြို့ကနေ ပကာရီကျေးရွာဘက်ကို စစ်ကြောင်းထိုးချိန် စစ်ကော်မရှင်လက်အောက်မှာ တာဝန် မထမ်းချင်တော့တာကြောင့် သေနတ်တစ်လက်နဲ့အတူ DNLA ထံကို အလင်းဝင်ခဲ့ပါတယ်။

ကိုရဲသိန်းနိုင်ဟာ အလင်းဝင်လာတဲ့အချိန် လက်နက်ခဲယမ်းယူဆောင်လာတာကြောင့် ဓဝယ်အမျိုး သား လွတ်မြောက်ရေးတပ်တော် DNLA က ဆုကြေးငွေ သိန်း ၅၀ ကျပ် ဂုဏ်ပြုချီးမြင့် ပေးအပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်အတွင်းကလည်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်သား၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် စုစုပေါင်း ၂၅ ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.