လောင်းလုံး၊ စက်တင်ဘာ ၁၇

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် သဗျာကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်က ဒေသခံ အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်‌နေ့ မနက်ပိုင်းက လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ အနီးအနားကျေးရွာတွေကို ကင်းလှည့်တဲ့အချိန် မြို့အနီးရှိ သဗျာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။

သဗျာကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဟာ ကျေးရွာအတွင်းရှိ နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သလို အသက် ၃၀ ဝန်းကျင်အရွယ် ကိုမောင်လှထွေး၊ ကိုဖိုးဖေ၊ ကိုမင်းဟိုအပြင် သူရဲ့သားဖြစ်သူ စုစုပေါင်းလေးဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ လောင်းလုံးမြို့အနီးရှိ သဗျာကျေးရွာမှာ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းအထိ ရှိနေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ အနီးအနားကျေးရွာတွေကို မကြာခဏ ဆိုသလို စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ် သားတွေကို စစ်ဆေးမေးမြန်းတာနဲ့ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်း ဖမ်းဆီးသွားတဲ့ ဒေသခံ အမျိုးသားလေးဦးဟာ လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်းမရှိသလို မိသားစုနဲ့လည်း အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့တဲ့ အရပ်သားပြည်သူ ၁၀၂ ဦး ထက်မနည်း ရှိခဲ့ပြီး အဲဒီထဲက ၃၉ ဦးသာ ပြန်လွတ်ခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.