မြဝတီ၊ စက်တင်ဘာ ၁၇
ကရင်ပြည်နယ် မြဝတီမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ပေါ်ရပ်ကွက်တွေမှာ ရပ်ဝေးဒေသက လာရောက်အလုပ်လုပ်ကိုင်တဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး ပေါ်တာဆွဲဖမ်း ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ ပထမအပတ်မှာ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်သိမ်း ပိုက်ခဲ့ပြီးတဲ့နောက် သင်္ဃန်းညီနောင်ကနေတစ်ဆင့် မြဝတီမြို့ထဲကို အင်အားအများအပြားနဲ့ ပြန် လည်ဝင်ရောက်လာခဲ့ကာ မြို့ရဲ့ အဓိက အချက်အချာကျတဲ့နေရာတွေမှာ တပ်စွဲနေရာယူထားလိုက်တာ ဖြစ်ပါတယ်။
ဒီလို မြဝတီမြို့ထဲကို အင်အားအများအပြားနဲ့ ပြန်လည်ထိန်းချုပ် တပ်စွဲလိုက်ပြီးတဲ့နောက်ပိုင်းမှာ စစ်ကော်မရှင်တပ်က ကရင်နယ်ခြားစောင့်တပ် BGF နဲ့အတူ မြို့ပေါ်မှာရှိတဲ့ ဂိမ်းရုံ၊ KTV တွေနဲ့ လုပ်ငန်းခွင်တွေထဲမှာရှိတဲ့ ရပ်ဝေးဒေသက လာရောက်အလုပ်လုပ်ကိုင်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွက် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်တစ်ရပ်ကွက်ထဲမှာပင် လူငယ် ၂၀ ဦးထက်မနည်းကို စစ်ကော်မရှင်တပ်က စစ်မှုထမ်းဖို့အတွက် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လူငယ်တွေကို စစ်ကော်မရှင်တပ်က မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းထဲကို ပို့ဆောင်လိုက်ပြီး ဖမ်းဆီးခံရတဲ့ လူငယ်တွေကို မိသားစုဝင်တွေက ဆက်သွယ်လို့မရဘဲ ပြန်ရွေးယူလို့လည်း မရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တချို့ KTV ဟိုတယ် ဂိမ်းရုံတွေက ဆိုင်ရှင်တွေဟာ သူ့လက်အောက်မှာ အလုပ်လာလုပ်တဲ့သူတွေကို မကြိုက်တော့ဘူးဆိုပါက ရဲစခန်းဆီ ဖုန်းဆက်ပြီး လာဖမ်းခိုင်းတဲ့ဖြစ်စဉ်တွေလည်း ရှိတယ်လို့ မြဝတီသတင်းရင်းမြစ်က ဆိုပါတယ်။
အဖမ်းခံခဲ့ရတဲ့ လူငယ်တွေကို စစ်ကော်မရှင်တပ်က စစ်မှုထမ်းမလား ဒါမှမဟုတ် အိမ်ပြန်မလားဆိုပြီး မေးမြန်းနေပြီး အိမ်ပြန်မယ်လို့ ပြောပါက ထောင်ချပြီးမှ ပြန်ရမှာဖြစ်တဲ့အတွက် ဖမ်းခံရတဲ့လူငယ်တွေဟာ စစ်မှုထမ်းဖို့သာ ရွေးချယ်လိုက်ရတာလို့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ကရင်ပြည်နယ်ထဲမှာ စစ်ကော်မရှင်လက်အောက်ခံ စစ်သားစုဆောင်းရေးအဖွဲ့က စစ်မှုထမ်းအပတ် စဉ်သစ်တွေအတွက် ဖမ်းဆီးရမိတဲ့ လူငယ်တွေအပြင် စစ်မှုထမ်းဆောင်ဖို့ လူငှားစနစ်နဲ့ ခေါ်ယူငှား ရမ်းနေတဲ့လူငယ်တွေကိုလည်း စစ်မှုထမ်းသင်တန်းတွေထံ အပတ်စဉ်လိုက် ပို့ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

