နေပြည်တော် ၊ စက်တင်ဘာ ၁၇
စစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ယာယီနေရပ်စွန့်ခွာနေရသူတွေ တနည်းအားဖြင့် စစ်ရှောင်တွေဆီက ကြိုတင်မဲတွေရဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က စက်တင်ဘာ ၁၅ ရက်နေ့မှာ အသိပေးကြေညာလာပါတယ်။
UEC ကနေ ထုတ်ပြန်ကြေညာခဲ့တဲ့ လွှတ်တော်မဲဆန္ဒနယ်အသီးသီးအတွက် မဲစာရင်းပါရှိတဲ့ သက် ဆိုင်ရာမြို့နယ်ရဲ့ ပြင်ပမှာ ရောက်ရှိနေတဲ့ စစ်ရှောင်တွေအပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ ကြို တင်မဲပေးနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ကြိုတင်မဲပေးမယ့် စစ်ရှောင်တွေအနေနဲ့ ဖြည့်စွက်ရမယ့် ပုံစံ (၁၅) ကို UEC ရဲ့ ဝက်ဒ်ဆိုက် ဒါမှမဟုတ် မိမိတို့ ရောက်ရှိရာဒေသက မြို့နယ်ကော်မရှင်အဖွဲ့ခွဲကနေ ရယူဖြည့်စွက်ပြီး အောက်တိုဘာ ၁၂ ရက်နေ့အရောက် ပြန်လည်ပေးပို့ရမယ်လို့ ဆိုပါတယ်။
အဲဒီ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကနေ ရောက်ရှိလာတဲ့ ပုံစံ (၁၅) တွေကို မြို့နယ်အလိုက်ပြုစုထားတဲ့ မှတ်ပုံတင်စာရင်း ပုံစံ (၁၅-ဂ) နဲ့အတူ မဲစာရင်းပါရှိတဲ့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ အောက်တိုဘာ ၂၉ ရက်နေ့ အရောက်ပေးပို့ရမယ်လို့ ဖော်ပြထားတာပါ။
ဒါ့အပြင် မဲစာရင်းပါရှိတဲ့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ စာ အိတ်တွေကို မြို့နယ်အလိုက်ပြုစုထားတဲ့ မြို့နယ်ပြင်ပရောက် စစ်ရှောင်စာရင်းနဲ့အတူ ပုံစံ (၁၅) ပေးပို့လာတဲ့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ အောက်တိုဘာ ၂၄ ရက်နေ့ အရောက်ပေးပို့ရမှာ ဖြစ်ပါတယ်။
စစ်ရှောင်တွေရောက်ရှိနေတဲ့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဟာ နိုဝင်ဘာ ၂၅ ရက်ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း သင့်လျော်တဲ့နေ့ရက် သင့်လျော်တဲ့ နေရာမှာ ကြိုတင်ဆန္ဒမဲ ပေးနိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့ ကြေညာချက်မှာ ညွန်ကြားထားတာပါ။
နိုင်ငံတောင်ပိုင်းမှာ လူသားချင်းစာနာမှုအကူအညီတွေ လုပ်ဆောင်ပေးနေသူတစ်ဦးက စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ ဒေသအများစုဟာ စစ်ကော်မရှင်လက်လှမ်းမမီတဲ့အတွက် ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး စာရင်းကောက်တာတွေ မရှိဘူးလို့ ပြောပါတယ်။
”ကျွန်တော်တို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဒေသတွေအများစုက စစ်ကော်မရှင်လက် လှမ်းမမီတဲ့ ဒေသတွေဖြစ်နေတယ်။ ဒါကြောင့်မို့လို့ စစ်ရှောင်တွေကို စစ်ကော်မရှင်က ရွေးကောက် ပွဲနဲ့ဆိုင်တဲ့ စာရင်းကောက်ယူမှုတွေ မရှိဘူး”လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တာရားနဲ့ ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါ်တွေမှာ လာရောက်ခိုလှုံနေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူတွေကိုတော့ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ဖို့ စာရင်းကောက်ယူနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
မဲစာရင်းပါရှိတဲ့ မြို့နယ်က စစ်ရှောင်တွေဟာ ပုံစံ (၁၅) နဲ့ မဲစာရင်းပါရှိတဲ့ မဲဆန္ဒနယ်အတွက် ကြို တင်မဲမပေးလိုရင် လက်ရှိ ရောက်ရှိနေတဲ့ မြို့နယ်မှာ မဲစာရင်းပါအောင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀ ပါ သတ်မှတ်ချက်တွေနဲ့အညီ လျှောက်ထားရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့် နေ့မတိုင်မီ ရက်ပေါင်း ၆၀ ထက်နောက်မကျစေဘဲ အောက်တိုဘာ ၂၇ ရက်နောက်ဆုံးထားပြီး ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွေကနေ တဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို ပုံစံ (၃-က) နဲ့ လျှောက်ထားရမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ မှာ နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး လက်လွှတ်ထားရတဲ့ စစ်ရှုံးနယ်မြေတွေထဲက ၅၆ မြို့ နယ်မှာတော့ ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့ စစ်ကော်မရှင်က ဝန်ခံထားတာပါ။
တစ်ဘက်မှာ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက ကြိုတင်မဲတွေရရှိနိုင်ဖို့ ကိုယ်ရေးအချက်အလက်ဖြည့်သွင်းရတဲ့ ပုံစံ (၁၅) ပေးပို့ရမယ့်နေ့ရက်ကို အောက်တိုဘာ ၁၂ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရက်တိုးမြှင့်သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

