ဝါရှင်တန်၊ စက်တင်ဘာ ၁၃
အခုသီတင်းပတ် စောစောပိုင်းက တက္ကသိုလ်အခမ်းအနားတစ်ခုရဲ့ စင်မြင့်ထက်မှာ ဟောပြောနေချိန် လက်ယာယိမ်း တက်ကြွလှုပ်ရှားသူ ချာလီ ကာ့ဒ် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ယူတားပြည်နယ်က အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
သံသယရှိသူကို လိုက်လံရှာဖွေမှု ၃၃ နာရီ ကြာလာပြီးနောက်မှာ တိုင်လာ ရော်ဘင်ဆင်က သူ့ရဲ့ဖခင်ထံ ဖွင့်ဟ ဝန်ခံခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ သွားရောက် ဖမ်းဆီးခံရေး ဖခင်ကပဲ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

သံသယရှိသူ ရော်ဘင်ဆင်ကို ဖမ်းမိပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပထမဆုံး ကြေညာခဲ့ပြီး သူ့ကို သေဒဏ်ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
စက်တင်ဘာ ၁၀ ရက် တက္ကသိုလ် ကျောင်းသားတွေနဲ့ အချေအတင် ဆွေးနွေးနေချိန် ပစ်သတ်ခံလိုက်ရတဲ့ ချာလီ ကာ့ဒ် သေဆုံးမှုကြောင့် အမေရိကန်နိုင်ငံသားတွေ ထိတ်လန့်သွားခဲ့ကြပြီး နိုင်ငံရေးပါတီနှစ်ရပ်ကြား ပြင်းထန်တဲ့ သဘောထား ကွဲလွဲမှုကို ဖော်ပြနေတဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
သံသယရှိသူက သူ့ရဲ့ဖခင်ထံ ဖွင့်ဟ ဝန်ခံခဲ့ပြီး ရဲတပ်ဖွဲ့ဆီ သွားရောက် ဖမ်းဆီးခံမယ့်အစား ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ်လို့ ပြောဆိုခဲ့ကြောင်း စက်တင်ဘာ ၁၂ရက် သတင်းစာ ရှင်းလင်းပွဲမှာ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

အဲဒီနောက် ဖခင်ဖြစ်သူက မိသားစု မိတ်ဆွေ တစ်ယောက် ဖြစ်တဲ့ လူငယ် ဘုန်းတော်ကြီး တစ်ပါးကို ပင့်ဖိတ်ပြီး ရော်ဘင်ဆင် ဖမ်းဆီးခံအောင် နားချခိုင်းခဲ့တယ်လို့ သိရပါတယ်။
ရော်ဘင်ဆင်ဟာ ချာလီ ကာ့ဒ်ကိုု မပစ်ခတ်ခင် ၄ နာရီလောက် ကြိုတင်ပြီး ယူတားဗယ်လီ တက္ကသိုလ်ဝင်းထဲကို ရောက်လာခဲ့တာ ဖြစ်ကြောင်း လုံခြုံရေး ကင်မရာတွေမှာ တွေ့ရတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်က ပြောပါတယ်။
ချာလီကာ့ဒ်ကို ပစ်ခတ်ပြီးနောက် ရော်ဘင်ဆင်ဟာ သူ့ရဲ့ မှန်ပြောင်း တပ်ထားတဲ့ ရိုင်ဖယ် သေနတ်ကို တဘက်နဲ့ အုပ်ပြီး ခြုံပုတ်ထဲမှာ စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။
ရော်ဘင်ဆင်ဟာ မကြာသေးခင်နှစ်တွေက စပြီး နိုင်ငံရေး သဘောထား ပြင်းထန်လာခဲ့တယ်လို့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။
အစိုးရ ရှေ့နေတွေက ရော်ဘင်ဆင်ကို စက်တင်ဘာ ၁၆ ရက်မှာ တရားဝင် စွဲချက်တင်ဖို့ ပြင်ဆင်ထား ပါတယ်။
Ref:BBC

