နယူးယောက်၊ စက်တင်ဘာ ၁၂
အခု သီတင်းပတ် စောစောပိုင်းက ကာတာကို တိုက်ခိုက်မှုတွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စက်တင်ဘာ ၁၁ ရက်မှာ ပြစ်တင် ရှုတ်ချလိုက်ပြီး တင်းမာမှု အရှိန်လျှော့ချဖို့ တိုက်တွန်းထားပေမယ့် တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ အမည်ကို ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။
တင်းမာမှု လျှော့ချဖို့ အရေးကြီးကြောင်း လုံခြုံရေးကောင်စီက ပြောကြားပြီး သူတို့အနေနဲ့ ကာတာနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်မယ်ဆိုရင် အစ္စရေးရဲ့ မဟာမိတ် အမေရိကန် အပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးရဲ့ သဘောတူညီမှု လိုအပ်ပါတယ်။
ကောင်စီအဖွဲ့ဝင်တွေက ကာတာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထောက်ခံကြောင်းလည်း အလေးထား ဖော်ပြထား ပါတယ်။
အစ္စရေးက ဟားမာ့စ် ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စက်တင်ဘာ ၉ ရက်က ကာတာနိုင်ငံ မြို့တော် ဒိုဟာကို မကြုံစဖူး တိုက်ခိုက်ခဲ့ပါတယ်။

ဟားမာ့စ်အဖွဲ့က မိမိတို့ အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပေမယ့် ထိပ်တန်း အရာရှိတွေ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း ကာတာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။
ကာတာဟာ အီဂျစ်၊ အမေရိကန်တို့နဲ့ အတူ အစ္စရေးနဲ့ ဟားမာ့စ်အဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ကြားဝင် စေ့စပ်ပေးနေတဲ့ နိုင်ငံ ဖြစ်တယ်လို့ လုံခြုံရေးကောင်စီက ပြောပါတယ်။
ကာတာအနေနဲ့ ဟားမာ့စ် ခေါင်းဆောင်တွေကို နှင်ထုတ်ရင်ထုတ် မထုတ်ရင် သူတို့ကို တရားဥပဒေ ရှေ့မှောက် တင်သွင်းရမှာ ဖြစ်တယ်လို့ အစ္စရေးက ပြောထားပါတယ်။
အဲဒီလို မလုပ်ဆောင်ဘူးဆိုရင် မိမိတို့အနေနဲ့ ထပ်ပြီး တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သတိပေးထားပါတယ်။
လုံခြုံရေးကောင်စီ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ကာတာ ဝန်ကြီးချုပ် မိုဟာမက် အဒူရာမန် အယ်လ် သာနီက ကောင်စီရဲ့ ကြေညာချက်ကို ကြိုဆိုပေမယ့် အစ္စရေး ခေါင်းဆောင်တွေဟာ သွေးဆာနေတဲ့ အစွန်းရောက်တွေ ဖြစ်တယ်လို့ ပြောထားတာပါ။
မိမိတို့မှာ နိုင်ငံတကာဥပဒေတွေအရ ခွင့်ပြုထားတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်ခွင့်ရှိတယ်လို့လည်း သူက ဖြည့်စွက် ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ဟားမာ့စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို အစ္စရေးက လက်စားပြန်ချေတဲ့အနေနဲ့ ဂါဇာကမ်းမြောင် ဒေသကို ညက်ညက်ကြေအောင် တိုက်ခိုက်နေပေမယ့် အမေရိကန်နဲ့ တခြား အဖွဲ့ဝင်တွေရဲ့ ကန့်ကွက်မှုကြောင့် လုံခြုံရေးကောင်စီဟာ ဘာမှ မတတ်နိုင်ဘဲ ရှိနေပါတယ်။
Ref:AFP

