ရီယိုဒီဂျနေရိုး၊ စက်တင်ဘာ ၁၂
စစ်အာဏာသိမ်းရေး ကြံစည်မှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဘရာဇီးသမ္မတဟောင်း ဂျာယာ ဘိုလ်ဆိုနာရိုဟာ ထောင် ၂၇ နှစ်နဲ့ ၃ လ ချမှတ်ခံလိုက်ရပါတယ်။
တရားရုံးချုပ် တရားသူကြီး ၅ ဦးပါဝင်တဲ့ အဖွဲ့က သမ္မတဟောင်း ဘိုလ်ဆိုနာရို အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အခုလို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

၂၀၂၂ ရွေးကောက်ပွဲမှာ လက်ဝဲယိမ်း ပြိုင်ဖက် လူလာ ဒါ ဆေးလ်ဗားကို ရှုံးနိမ့်ပြီးနောက် ဘိုလ်ဆိုနာရိုဟာ သူအာဏာဆက်လက် စွဲကိုင်ထားနိုင်ရေး လျှို့ဝှက်ကြံစည်ခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။
တရားသူကြီး ၄ ဦးက သူ့မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး တစ်ဦးတည်းကပဲ တရားသေ လွှတ်ပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ဒါဟာ အရမ်းလွန်ကဲတဲ့ ပြစ်ဒဏ်ချမှတ်မှု ဖြစ်ပြီး မိမိတို့အနေနဲ့ သင့်တော်တဲ့ အယူခံဝင်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဘိုလ်ဆိုနာရိုရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဘိုလ်ဆိုနာရိုအနေနဲ့ ၂၀၃၃ ခုနှစ်အထိ အစိုးရရာထူး တစ်ခုခုအတွက် ရွေးကောက်ပွဲ ဝင်ခွင့် မရှိဘူးလို့လည်း တရားသူကြီးများအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။
နိုင်ငံတွင်းက ထွက်ပြေးနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ထင်မှတ်ရတာကြောင့် နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရတဲ့ ဘိုလ်ဆိုနာရိုဟာ နောက်ဆုံး ရုံးချိန်းကို လူကိုယ်တိုင် မတက်ရောက်ခဲ့ပါဘူး။
ဒီအမှုက မိမိကို ၂၀၂၆ ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးဖို့ ရည်ရွယ်ထားတဲ့ အမှု ဖြစ်တယ်လို့ ဘိုလ်ဆိုနာရိုက အရင်က ပြောခဲ့ဖူးပါတယ်။
အစိုးရ ရာထူးအတွက် ရွေးကောက်ခံခွင့် မရှိဘူးဆိုတဲ့ တားမြစ်ချက်က သူ့အပေါ် အရင်ကတည်းက ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဘိုလ်ဆိုနာရိုအပေါ် ဖိနှိပ်မှုကြောင့် လက်စားချေတဲ့အနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဘရာဇီး ကုန်စည်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ပြဌာန်းထားပါတယ်။
ဘိုလ်ဆိုနာရိုကို ထောင်ဒဏ်ချမှတ်မှုကြောင့် အရမ်း အံ့သြမိတယ်လို့ ထရန့်က ပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ဘရာဇီး တရားရုံးချုပ်ဟာ အချက်အလက် အမှန်တွေကို လျစ်လျူရှုပြီး မတရားသဖြင့် ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
ဒီလုပ်ရပ်အတွက် ဘရာဇီးကို အမေရိကန်က သင့်တော်သလို တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး ရူဘီယိုက ဖြည့်စွက် ပြောပါတယ်။
အသက် ၇၀ ရှိပြီ ဖြစ်တဲ့ ဘိုလ်ဆိုနာရိုဟာ အခုအခါ သူ့ရဲ့ လက်ကျန်သက်တမ်းကို ထောင်ထဲမှာပဲ ကျော်လွန်ဖြတ်သန်းရနိုင်ခြေ ရှိနေပါတယ်။
ရှေ့နေတွေက သူ့ကို ထောင်ထဲ မပို့ဘဲ နေအိမ် အကျယ်ချုပ်ပဲ ချသင့်တယ် ဒါမှမဟုတ် ပိုလျော့ပါးတဲ့ ပြစ်ဒဏ်ပဲ ချမှတ်သင့်တယ်လို့ စောဒက တက်ဖို့ စီစဉ်ထားပေမယ့် တရားသူကြီး အဖွဲ့ဝင် ၅ ဦးမှာ အနည်းဆုံး ၂ ဦးက တရားသေလွှတ်ပေးသင့်တယ်လို့ ဆုံးဖြတ်မှ အဲဒီလို လုပ်ဆောင်နိုင်မှာ ဖြစ်တဲ့ အတွက် အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောဆိုထားကြပါတယ်။
Ref:BBC

