ဂျေရုစလင်၊ စက်တင်ဘာ ၁၁

ဒိုဟာ အစိုးရအနေနဲ့ ဟားမာ့စ်အဖွဲ့ ထိပ်တန်းအရာရှိတွေကို နှင်မထုတ်ရင် ကာတာရှိ ဟားမာ့စ် ခေါင်းဆောင်ပိုင်းတွေရှိတဲ့ နေရာတွေကို ထပ်မံတိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ခြိမ်းခြောက်လိုက်ပါတယ်။

ကာတာနိုင်ငံ မြို့တော် ဒိုဟာကို တိုက်ခိုက်မှုကြောင့် နိုင်ငံတကာက ကန့်ကွက် ရှုတ်ချထားပေမယ့် ဝန်ကြီးချုပ် နေတန်ညာဟု အရှေ့အလယ်ပိုင်းတဝန်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို နိုင်ငံအများက ချီးကျူးသင့်တယ်လို့ စက်တင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။

စက်တင်ဘာ ၉ ရက်မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ကာတာရှိ ဟားမာ့စ် ခေါင်းဆောင်တွေ အသက်ရှင် လွတ်မြောက်ခဲ့တယ်ဆိုရင် ထပ်မံ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကလည်း ပြောထားပါတယ်။

ဟားမာ့စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ရှင်းလင်းဖို့ ရည်ရွယ်ချက်နဲ့ အစ္စရေးက အဲဒီ စစ်ဆင်ရေးကို ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် ဟားမာ့စ်အဖွဲ့က မိမိတို့ အဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ခေါင်းဆောင်ပိုင်း လွတ်မြောက်ခဲ့တယ်လို့ ကြေညာထားပါတယ်။

အဲဒီလို တစ်ဖက်သတ် တိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့အစ္စရေးရဲ့ အကျိုးစီးပွား တိုးတက်လာမှု မရှိဘူးလို့ အမေရိကန်က ပြောထားပါတယ်။

ပြင်သစ်သမ္မတ မက်ကရွမ် အပါအဝင် နိုင်ငံခေါင်းဆောင် အများစုက အစ္စရေးရဲ့ အဲဒီ တိုက်ခိုက်မှုကို ကန့်ကွက် ရှုတ်ချထားတာပါ။

အကြမ်းဖက်သမားတွေကို လက်ခံထားတဲ့ ကာတာနဲ့ တခြား နိုင်ငံတွေအနေနဲ့ သူတို့ကို နှင်ထုတ်ရင်ထုတ်၊ မဟုတ်ရင် တရားဥပဒေ ရှေ့မှောက် ပို့ဆောင်ရမှာ ဖြစ်ကြောင်းနဲ့ အဲဒီလို မလုပ်ဆောင်ဘူးဆိုရင် မိမိတို့က လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ညာဟုက ဆိုတာပါ။

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး အမေရိကန် ဦးဆောင်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ အစ္စရေးက ဒိုဟာရှိ ဟားမာ့စ် ခေါင်းဆောင်ပိုင်းကို ရှင်းလင်းဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။

အစ္စရေးအနေနဲ့ ဂါဇာစစ်ပွဲကို မရပ်တန့်ဘူးဆိုရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်လို့ ပြင်သစ်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံတချို့က သတိပေးထားပါတယ်။

အဲဒီလို အသိအမှတ်ပြုရင် မိမိတို့အနေနဲ့ တစ်ဖက်သတ် တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က သတိပေးပြီးနောက် ဒိုဟာ စစ်ဆင်ရေး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref: Al Jazeera/Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.