ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၃

ဟားမာ့စ်အဖွဲ့ ပါဝင်မှု မရှိဘဲ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နှစ်ပြည်ထောင်ဖြေရှင်းရေး တဖန် အသက်ပြန်သွင်းမယ့် ဆုံးဖြတ်ချက် တစ်ရပ် ဖြစ်တဲ့ နယူးယောက် ကြေညာချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက စက်တင်ဘာ ၁၂ ရက်မှာ မဲခွဲဆုံးဖြတ် ထောက်ခံခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၄၂ နိုင်ငံက ထောက်ခံခဲ့ကြပြီး အစ္စရေးနဲ့ သူတို့ရဲ့ အဓိက မဟာမိတ် အမေရိကန်အပါအဝင် ၁၀ နိုင်ငံက ကန့်ကွက်ခဲ့ကြပါတယ်။ မဲမထည့်တဲ့ နိုင်ငံ ၁၂ နိုင်ငံရှိတယ်လို့ သိရပါတယ်။

အဲဒီ ဆုံးဖြတ်ချက်မှာ ဟားမာ့စ်ကို ရှင်းရှင်းလင်းလင်း ပြစ်တင် ရှုတ်ချထားပြီး လက်နက်ချဖို့ တောင်းဆိုထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာက ဟားမာ့စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်ခဲ့တာ နှစ်နှစ်နီးပါး ကြာခဲ့တဲ့အတွက် အစ္စရေးက အပြစ်တင်ခဲ့ပေမယ့် ပြင်သစ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ တင်သွင်းတဲ့ အခု ဆုံးဖြတ်ချက်က အဓိပ္ပါယ် နှစ်ခွ ဖြစ်တာမျိုး မရှိပါဘူး။

အောက်တိုဘာ ၇ ရက် ဟားမာ့စ်ရဲ့ တိုက်ခိုက်မှုကို အထွေထွေညီလာခံက ပြစ်တင် ရှုတ်ချပြီး ဓားစာခံ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး စုပေါင်းကြိုးပမ်းဖို့ တိုက်တွန်းထားပြီး အစ္စရေး-ပါလက်စတိုင်း နှစ်ပြည်ထောင် ဖြေရှင်းချက်ကို အခြေခံပြီး ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဟားမာ့စ်ရဲ့ ဂါဇာကို အုပ်ချုပ်မှု အဆုံးသတ်ပြီး သူတို့ရဲ့ လက်နက်တွေကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ထံ လွှဲအပ်ရမယ်လို့လည်း ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်ရေး ရည်ရွယ်ချက်နဲ့အညီ ဖြစ်ရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၂ ရက် နယူးယောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုမှာ ဖြစ်ကြောင်း ပြင်သစ်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံတချို့က ကတိပြုထားပြီး ဖြစ်ပါတယ်။

အဲဒီလို အသိအမှတ်ပြုရင် တဖက်သတ် တုံ့ပြန်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အစ္စရေးက သတိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.