မကွေး ဩဂုတ် ၅

မကွေးနဲ့ ရခိုင်ပြည်နယ်အစပ်ကနေရာတွေဆီ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းတွေကို အလုံးအရင်းနဲ့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၃ ရက်မှာ စစ်မှုထမ်းတွေ အပြည့်တင်ဆောင်လာတဲ့ ကားအစီး ၂၀ ဟာ မိတ္ထီလာမြို့ကနေ မကွေးမြို့ပေါ်ကိုရောက်ရှိလာတာပါ။

“စစ်မှုထမ်း သင်တန်းဆင်းတွေလို့ သိရတယ်။ ကားတွေကတော့ မင်း​ဘူးဘက် ထွက်သွားတယ်။ အဲဒီကနေ ဘယ်သွားမယ်ဆိုတာ မသိရသေးဘူး”လို့ မကွေးဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်စီးကို အယောက် ၃၀ ဝန်းကျင်ပါတဲ့ စစ်​မှုထမ်းတွေ ပါဝင်လာတဲ့ ကားအစီးရေ ၂၀ ကျော်ဟာ ညနေ ၅ နာရီ ဝန်းကျင်မှာတော့ ငဖဲဘက်ကို ရောက်ရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငဖဲ-ပဒါန်းအနီး နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းအနီးမှာမကြာခဏဆိုသလို တိုက်ပွဲတွေပြင်းထန်နေပြီးတော့ အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေဟာ MPT တာဝါတိုင်ကုန်းကိုလည်း သိမ်းယူထားပါတယ်။

လတ်တလောမှာတော့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို ရိက္ခာဖြတ်တောက်တာတွေရှိနေပြီး အဲဒီစခန်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းနဲ့ စစ်ကောင်စီတပ်သားတွေ ၂၀ ကျော်ရှိနေပြီလို့သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.