ပုလော၊ ဩဂုတ် ၅

စစ်ရေးပြင်းထန်နေတဲ့ တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေကို အချိန်မရွေးတိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ အနီးကပ်နေထိုင်တာ မပြုလုပ်ကြဖို့ တနင်္သာရီတိုင်းစစ်ဌာန အမှတ် ၃၅ နည်းဗျူဟာ က ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ (၃၅) နယ်မြေဖြစ်တဲ့ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော် လှန်ရေး အင်အားစုတွေနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာပါ။

ပုလောမြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဇရပ်ဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်ကြီး ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၁၀ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပါတယ်။

အလားတူ တနင်္သာရီမြို့နယ်မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာတွေက အရပ်သားပြည်သူ ၁၀ ဦးကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေဖို့အတွက် ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာနက ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးတဲ့ဒေသတွေက အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ အဓမ္မစစ်မှုထမ်းစုဆောင်းတာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တာနဲ့ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူတာတွေ အပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေကို အချိန်မရွေး တိုက်ခိုက်သွားမှာဖြစ်တာကြောင့် မြိတ်-ပုလော အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးနဲ့ မြိတ်-ဘုတ်ပြင်း လမ်းမကြီးတစ်လျှောက်ရှိ ခရီးသွားပြည်သူတွေနဲ့ ကျေးရွာနေ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ အနီးကပ်နေထိုင်ခြင်းမပြုဘဲ ကြိုတင်ပြောင်းရွှေ့ထားကြဖို့ တိုက်တွန်းထားပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.