သထုံ၊ ဩဂုတ် ၆
မွန်ပြည်နယ် သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာကနေ မြန်မာစစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံတွေထဲက လူငယ် ၂၀ ကျော်ကို ပြန်မလွှတ်ပေးဘဲ စစ်မှုထမ်း တပ်သားစုဆောင်းထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ပုတိမ်ရိုးကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရပြီးနောက် ကျေးရွာအတွင်းက လူကြီးလူငယ် ၄၀ နီးပါးကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာပါ။
အဲဒီနောက် ဖမ်းဆီးသွားတဲ့ ဒေသခံတွေထဲက အသက် ၃၇ နှစ်အထက် အမျိုးသား ၁၅ ဦးလောက်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို ဆက်လက်ဖမ်းဆီးထားပါတယ်။
ဆက်လက်ဖမ်းဆီးထားတဲ့ လူငယ်တွေကိုတော့ သထုံမြို့နယ်အခြေစိုက် အမှတ်(၉) လေ့ကျင့်ရေးတပ်မှာ ထိန်းသိမ်းထားပြီး လာမယ့် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၆ မှာ စစ်မှုထမ်းထည့်သွင်းဖို့ ရှိနေပါတယ်။
ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက သူတို့သားတွေအတွက် အမှတ်(၉) လေ့ကျင့်ရေးတပ်မှာ သွား ရောက်စုံစမ်းရာမှာတော့ စစ်မှုထမ်းအကြုံးဝင်တာကြောင့် ဆင့်ခေါ်ထားတယ်လို့သာ အကြောင်းပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က မြန်မာစစ်တပ်ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးကို ပုတိမ်ရိုးကျေးရွာစာသင်ကျောင်းအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့မှာ ပုတိမ်ရိုးကျေးရွာကို အင်အားအလုံး အရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံလူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းတပ်သားစု ဆောင်းခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

