ရေဖြူတိုက်ပွဲမှာ စစ်တပ်ဘက်ကသုံးဦး သေဆုံး၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

ရေဖြူ၊ ဩဂုတ် ၆

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က သုံးဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးရဲဘော်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ စစ်တပ်ဘက်က ကော့လှိုင်ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ထံကနေ သေနတ် တစ်လက်၊ ၆၀ ဗုံးသီး၊ ကျည်ဘောက်တွေနဲ့ကျည်ဆံတွေကို နယ်မြေရှင်းလင်းချိန်မှာ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ရေဖြူမြို့နယ်အခြေစိုက် အမှတ်(၂၈၂) ခြေလျင်တပ်ရင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကော့လှိုင်းကျေးရွာဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာမှာ မနေရဲတော့ဘဲ စစ်ဘေးရှောင်နေကြရလို့ အခုတိုက်ပွဲဖြစ်ပွားချိန်မှာ ရွာခံတွေကျေးရွာထဲမှာ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကလည်း ရေဖြူမြို့နယ် မိကျောင်းလှောင်နဲ့နတ်အိမ်တောင်ကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ငါးဦး သေဆုံးပြီး နှစ်ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဘက်က အရှင်ဖမ်းမိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.