နေပြည်တော် ၊ ဩဂုတ် ၆
စစ်ကောင်စီ သက်တမ်းမကုန်ဆုံးခင် ထုတ်ပြန်ခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေဟာ နိုင်ငံတွင်းနေ ပြည်သူတွေအပေါ် သက် ရောက်နိုင်တယ်လို့ လေ့လာသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုနှစ် ဇန်နဝါရီမှာ ပြဌာန်းခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက ဇူလိုင် ၃၀ ရက်နေ့ကစတင်ပြီး အာဏာတည်စေရမယ်လို့ အသက်သွင်းခဲ့တဲ့အတွက် လူမှုကွန်ရက်အသုံးပြုနေကြတဲ့ ပြည်သူတွေအနေနဲ့ အထူးသတိထားစရာ ဖြစ်လာပါတယ်။
ဥပဒေမှာ အများပြည်သူကြည့်ရှုဖို့ မသင့်လျော်တဲ့ သတင်းအချက်အလက်တွေကို အီလက်ထရောနစ်နည်းပညာနဲ့ ဖြန့်ဝေတာ၊ ပေးပို့တာ၊ ကူးယူတာ ဒါမှမဟုတ် ရောင်းချတာလုပ်ရင် ထောင်ဒဏ် တစ်လကနေ ခြောက်လအထိ ဖြစ်စေ ကျပ် ၁၀ သိန်းကနေ သိန်း ၁၀၀ အထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမယ်လို့ ပြဌာန်းထားတာပါ။
ဘယ်လိုမျိုး အများပြည်သူကြည့်ရှုဖို့ မသင့်လျော်တဲ့ သတင်းအချက်အလက်တွေလဲဆိုတာကိုတော့ အဲဒီဥပဒေပါ ပုဒ်မ ၇၂ မှာ အသေးစိတ်ထည့်သွင်းရှင်းပြထားတာ မတွေ့ရပါဘူး။
လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဒါဟာ စစ် တပ်ကို မကြိုက်တဲ့ မထောက်ခံသူတွေကို ရည်ရွယ်ပြီး ပြည်သူတွေရဲ့ သတင်းသိရှိပိုင်ခွင့်နဲ့ ထုတ်ပြောခွင့်ကို ထပ်ရုတ်သိမ်းတာလို့ ပြောပါတယ်။
“အထူးသဖြင့်တော့ စစ်တပ်ကို မကြိုက်တဲ့ စစ်တပ်ကို မထောက်ခံတဲ့ လူတွေကို ရည်ရွယ်တာပါ။ အဲဒီလိုဟာမျိုးတွေကတော့ အထူးသဖြင့် ပြည်သူတွေရဲ့ သတင်းရပိုင်ခွင့် သိပိုင်ခွင့် လွတ်လပ်စွာ သတင်းဝေဖန်ပိုင်ခွင်မျိုးကို မပေးတော့တာ ရုတ်သိမ်းတာပေါ့။ အထူးသဖြင့်တော့ စစ်ကောင်စီဟာ နိုင်ငံရေးအာဂျင်ဒါဖြစ်တဲ့ ရွေးကောက်ပွဲကို အတင်း ဓါးမိုးပြီး လုပ်မယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တာနဲ့ ထောင်ဒဏ် ၃ နှစ်ကနေ တစ်သက်ချနိုင်တဲ့ ဥပဒေပါလုပ်ထားတော့လေ” လို့ ဆိုပါတယ်။
ဒါကြောင့် ဥပဒေအရ လူငယ်တွေကို မတရားဖမ်းဆီးမှုတွေ ပိုလုပ်လာနိုင်ပေမယ့် သတင်းအချက် အလက်စီးဆင်းမှုက ရပ်တန့်သွားမှာ မဟုတ်ဘဲ လူမှုကွန်ရက်အသုံးပြုသူတွေအနေနဲ့ ပိုသတိထားဖို့ လိုတယ်လို့ ဦးတိုးဇော်လတ်က အကြုံပြုပါတယ်။
ဆိုက်ဘာလုံခြုံရေးဥပဒေကို အသက်မသွင်းခင်ကလည်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် အာဏာသိမ်းမှုအတွင်း အွန်လိုင်းအသုံးပြုသူ ၁၈၈၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ အချက်အလက်တွေက ဖော်ပြထားတာပါ။
အသက်သွင်းလိုက်တဲ့ ဥပဒေမှာတော့ VPN သုံးစွဲမှုကန့်သတ်ချက်အပါအဝင် ဆိုက်ဘာအလွဲအသုံးစားလုပ်တာ၊ အွန်လိုင်းငွေကြေးခိုးယူတာနဲ့ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်တာ လုပ်ရင်လည်း ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်နိုင်ပါတယ်။ ဒါ့အပြင် အမှုနဲ့သက်ဆိုင်တဲ့ သက်သေခံ ပစ္စည်းတွေကိုလည်း နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမယ်လို့ ပြဋ္ဌာန်းထားတာပါ။
တစ်ဘက်မှာ Facebook ၊ YouTube ၊ TikTok ၊ Telegram အစရှိတဲ့ လူဦးရေတစ်သိန်းနဲ့ အထက်ရှိတဲ့ ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတွေဟာ သတ်မှတ်ချက်နဲ့အညီ မှတ်ပုံတင်ခွင့်လျှောက်ထားရမယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။
ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူဟာ ဝန်ဆောင်မှုပေးတဲ့ ပလက်ဖောင်းမှာ ကန့်သတ်ထားတဲ့ အချက်တွေ ဖြစ်ပေါ်တာ သိရှိရင်ဖြစ်စေ ဦးစီးဌာနက အကြောင်းကြားရင်ဖြစ်စေ တားဆီးဖယ်ရှားတာ ဖျက်ဆီးတာ ဒါမှမဟုတ် ရပ်ဆိုင်းတာတွေကို သတ်မှတ်ချက်နဲ့အညီ အချိန်မီလုပ်ဆောင်ရမှာပါ။
ကန့်သတ်ချက်တွေထဲမှာ တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ ဆန့်ကျင်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြတာ ဒါမှမဟုတ် ဥပဒေနဲ့ မညီတဲ့ ပြုလုပ်မှုကို ပြုလုပ်တာအပါအဝင် အကြမ်းဖက်မှုဖြစ်ပေါ်စေရေး လှုံ့ဆော်တာ၊ ကျူးလွန်တာ၊ အားထုတ်တာ၊ အားပေးကူညီတာ ဒါမှမဟုတ် ကြံရာပါအဖြစ်ဆောင်ရွက်တာတွေ ပါပါတယ်။
ဒါ့အပြင် အမုန်းတရားကိုဖြစ်စေတဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေတဲ့ ဒါမှမဟုတ် တည်ငြိမ်မှုကို ပျက်ပြားစေတဲ့ သတင်းအချက်အလက်တွေ ဖြစ်ပေါ်တာနဲ့ မမှန်သတင်း ဒါမှမဟုတ် ကော လာဟလသတင်းတွေ ဖြစ်ပေါ်တာတွေကိုလည်း ကန့်သတ်ထားတာပါ။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ဒီလိုမျိုးအချက်တွေကို ထည့်သွင်းပြဌာန်းတာဟာ လူ့အခွင့်အရေးအရ ဖြစ်စေ နိုင်ငံရေးအရဖြစ်စေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို ချိုးဖောက်ရာရောက်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သေချာတာတစ်ခုက လူတွေက ကိုယ်လိုချင်တဲ့ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ပဲပြောပြော အစိုးရသဏ္ဍာန်ပဲပြောပြော ကိုယ့်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ဒါအစိုးရကနေပြောပြော စစ်ကောင်စီကနေပြောပြော ဒါက ချိုးဖောက်ရာရောက်တယ်။ ဥပမာအားဖြင့် ကိုယ့်ရဲ့ထင်မြင်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် မရှိတာက နိုင်ငံရေးအရ ဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အခြေခံ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ချိုးဖောက်ရာရောက်တယ်” လို့ ဆိုပါတယ်။
ဥပဒေပါ ပြဌာန်းချက်အရ ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူဟာ ဝန်ဆောင်မှုကို အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်တွေ အသုံးပြုမှုမှတ်တမ်းတွေကို သုံးနှစ်အထိ ထိန်းသိမ်းထားရမှာဖြစ်ပြီး ဒါကို အာဏာရှိ ပုဂ္ဂိုလ် အဖွဲ့အစည်းက တောင်းခံရင် ထုတ်ပေးရမယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အများပြည်သူကြည့်ရှုဖို့ မသင့်လျော်သော သတင်းအချက်အလက်တွေကို ဖော်ပြတာ၊ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်နဲ့ ဖော်ပြတဲ့ ကလေးသူငယ်တွေရဲ့ ညစ်ညမ်းပုံ၊ ညစ်ညမ်းဗီဒီယို၊ စာသားတွေ ဒါမှမဟုတ် သင်္ကေတတွေကို တစ်နည်းနည်းနဲ့ ဖော်ပြတာတွေလည်း ကန့်သတ်ထားတာပါ။
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ဦးညိုစောကလည်း နိုင်ငံအတွင်း နေထိုင်ကြသူတွေအားလုံး ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်သွားနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားကြရမှာဖြစ်ပြီး တည်ဆဲဥပဒေတွေကို လိုက်နာကြဖို့ သတိပေးထားတာပါ။
စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေကလည်း အရပ်သားပြည်သူတွေကို သိမ်းကျုံးပြီး ခြိမ်းခြောက်နိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MSDI ရဲ့ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။
အဲဒီဥပဒေပါ ပြဌာန်းချက်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ကာကွယ်ရေးဝန်ထမ်းဟောင်းတွေက အဓိက လိုက်နာရမယ့်သူတွေဖြစ်ပေမယ့် လျှို့ဝှက်ချက်တွေအဖြစ် သတ်မှတ်ထားတဲ့အချက်တွေဟာ ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ နွယ်ပြီး ပြည်သူတွေအပေါ်မှာလည်း သက်ရောက်နိုင်တာမျိုးပါ။
“သူတို့ စစ်ရေးလျှို့ဝှက်ချက်ကို သတ်မှတ်ထားတဲ့ အကြောင်းအရာတွေကို မျှဝေတာဖြစ်ဖြစ် ပေးပို့လွှဲပြောင်းတာပဲဖြစ်ဖြစ် ဒီလို လွှဲပြောင်းတာ ပံ့ပိုးကူညီအားပေးတာဖြစ်ဖြစ် အားလုံးကို ပြင်းထန်စွာ အရေးယူနိုင်တယ်။ ဆိုတော့ ဥပမာ စစ်သတင်းဆိုင်ရာအချက်အလက်တွေကို တစ်နိုင်ငံလုံး သိနေတဲ့ အကြောင်းအရာတွေ သူတို့ကပဲ (စစ်တပ်) သတ်မှတ်ထားတဲ့ လျှို့ဝှက်အကြောင်းအရာတွေပေါ့။ ဒါတွေကို ပေးပို့ခြယ်လှယ် သတင်းမျှဝေကြတာပေါ့၊ စစ်ဘက်ဆိုင်ရာ လေကြောင်းတိုက်ခိုက်မှုသတင်းတွေ စစ်ဘက်လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက်တွေကို အွန်လိုင်းမီဒီယာတွေမှာ မျှဝေတာဖြစ်စေ ဒါက ဒီဥပဒေအောက်ကနေပြီး သိမ်းကျုံးအရေးယူဖို့ လုပ်ဆောင်လာနိုင်တာပေါ့” လို့ ကိုနောင်ရိုးက ဆိုပါတယ်။
နိုင်ငံ့အာဏာသုံးရပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီထံ မလွှဲအပ်မီ စစ်ခေါင်းဆောင်က စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေကို ဇူလိုင် ၂၈ ရက်နေ့မှာ ပြဌာန်းခဲ့တာပါ။
ဘယ်သူမဆို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေထဲက တစ်ရပ်ရပ်ကို ဥပဒေနဲ့အညီ လွှဲပြောင်းပေးခွင့်ရှိသူရဲ့ ခွင့်ပြုချက်မရှိဘဲ အခြားတစ်ဦးဦးထံ လွှဲပြောင်းပေးခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားရင် အဲဒီလူကို ထောင်ဒဏ်တစ်သက်ဖြစ်စေ သေဒဏ်ဖြစ်စေ ချမှတ်ရမယ်လို့ ပုဒ်မ ၁၆ မှာ ဖော်ပြပါတယ်။
စစ်တပ်သုံးရေယာဉ်၊ လေယာဉ်၊ အခြားယာဉ်တွေအပါအဝင် ထုတ်လုပ်တပ်ဆင်မှုပညာရပ်တွေ သတင်းအချက်အလက်တွေ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ လုပ်ထုံးလုပ်နည်းတွေကို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေအဖြစ် ဥပဒေမှာ ထည့်သွင်းထားတာပါ။
ဒါ့အပြင် စစ်ဘက်ဆိုင်ရာ မဟာဗျူဟာတွေ နည်းဗျူဟာတွေ စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေ လက်နက်ခဲယမ်းတွေ စက်ယန္တရားတွေ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေနဲ့ နည်းစနစ်တွေ လျှို့ဝှက်ချက်အဖြစ် ထုတ်ပြန်သတ်မှတ်ထားတဲ့ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။
လက်ရှိမှာတော့ လူတစ်ယောက်ကို ဝရမ်းပါမှ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်နဲ့ ၂၄ ထက် ကျော်လွန်ချုပ်နှောင်ခွင့် မရှိတဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပါ ပုဒ်မသုံးခုကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ရပ်ဆိုင်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

