ရေး၊ ဇွန် ၁၉

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ် YGF က ပြုလုပ်နေတဲ့ အထူးစစ်သင် တန်းမှာ သင်တန်းသား ရဲဘော်နှစ်ဦးသေဆုံးမှုဟာ ရောဂါကြောင့်ဖြစ်တယ်လို့ PDF တပ်မတော် ဒေါနစစ်ကြောင်း စစ်ဆင်ရေးမှူး စောဒါးကိုက သံလွင်တိုင်မ်းကို ပြောပါတယ်။

အဲဒီသင်တန်းသား ရဲဘော် နှစ်ဦးဟာ သင်တန်းဆရာတွေရဲ့ ရိုက်နှက်မှု၊ ကျန်းမာရေးမကောင်းချိန် ဆေးကုသခွင့်မပေးဘဲ သင်တန်းဆက်လက် တက်ရောက်စေတာကြောင့် သေဆုံးခဲ့တယ်လို့ Mizzima သတင်းဌာနရဲ့ သတင်းဖော်ပြမှုအပေါ် ပြန်လည်ဖြေရှင်းလာတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ သင်တန်းသားနှစ်ဦးမှာ တစ်ဦးဟာ ငှက်ဖျားရောဂါပိုး ဦးနှောက်ထဲဝင်တာ၊ နောက်တစ်ဦးက အသက်ရှုကြပ်ပြီး အဆုတ်ထဲပိုးဝင်မှုကြောင့်ဖြစ်ပြီး သူတို့နှစ်ဦးသေဆုံးမှုအပေါ် မိသားစုဝင်တွေကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ စောဒါးကိုက ဆိုပါတယ်။

သင်တန်းသားနှစ်ဦး သေဆုံးမှုဟာ ကျန်းမာရေးမကောင်းတဲ့အချိန် ဆေးကုသမှုပေးဖို့ ဆက်သွယ်မှု အားနည်းတာနဲ့ တာဝန်ယူမှု အားနည်းမှုကြောင့်ဖြစ်ပြီး သင်တန်းသားနှစ်ဦး သေဆုံးမှုအပေါ် များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ စောဒါးကိုက ပြောပါတယ်။

သေဆုံးသွားတဲ့ ရဲဘော်နှစ်ဦးဟာ ရဲဘော်ဘထစ်နဲ့ ရဲဘော်ဒိုင်နိုတို့ဖြစ်ပြီး သူတို့နှစ်ဦးဟာရေးပြောက် ကျားတပ် YGF က ပြုလုပ်တဲ့ မေလကနေ ဇူလိုင်လကုန်ထိ သုံးလတာ တက်ရောက်ရမယ့် အထူးစစ်သင်တန်းကို တက်ရောက်နေသူတွေ ဖြစ်ပါတယ်။

သင်တန်းသားသေဆုံးမှုမှာ အဓိကတာဝန်ရှိတဲ့ သင်တန်းဆရာဖြစ်တဲ့ ရဲဘော်ဂျော့ကိုတော့ တာဝန်ပေါ့လျော့မှုနဲ့ သင်တန်းဆရာအဖြစ်ကနေ ရာသက်ပန်ထုတ်ပယ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ထားတယ်လို့ ရေးပြောက်ကျားတပ် YGF တာဝန်ခံ ဗိုလ်ကျန်ရစ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် သင်တန်းသားနှစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး “မဟုတ်မမှန်ဖြေဆိုခဲ့မိရင် သေဒဏ်ပေးရင်လဲ ခံပါမယ်။ ထောင်ဒဏ်ပေးရင်လဲ ခံပါမယ်။ အားလုံးကို ကျနော်တာဝန်ယူပါတယ်”လို့ ဗိုလ်ကျန် ရစ်က ဆိုပါတယ်။

သင်တန်းသားနှစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဗိုလ်ကျန်ရစ်ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန် အဆက်အသွယ် မရသေးပါဘူး။

ရေးပြောက်ကျားတပ် YGF ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ဒေါနတပ်ရင်း ဒေါနစစ် ကြောင်း(၂) လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး မွန်ပြည်နယ် ရေးမြို့နယ်နဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.