ဖာပွန်၊ ဇွန် ၁၉
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကတိုင်တိကျေးရွာအတွင်းရှိ KNLA တပ်မဟာ ၅ က သိမ်းယူထားတဲ့ ကတိုင်တိတပ်စခန်းကို ဇွန်လဒုတိယအပတ်လောက်က စစ်ကောင်စီတပ် ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကမမောင်း-ဖာပွန် ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကတိုင်တိစခန်းကို အခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ကတိုင်တိစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဟာ စခန်းအနောက်ဘက်ရှိ ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၃ တပ်ရင်း ဌာနချုပ်ဟောင်းဆီ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အဲဒီတပ်ရင်းဌာနချုပ်ဟောင်းမှာ ဆက်လက်ခုခံတိုက်ခိုက်နေခဲ့တာပါ။
ကတိုင်တိစခန်းသိမ်းပိုက်ခံရပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဟာ စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ကမမောင်းမြို့ကနေတဆင့် အကြိမ်ကြိမ် စစ်ကြောင်းထိုးလာခဲ့ပေမယ့် KNLA တပ်မ ဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ရဲ့ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်တာတွေကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားရတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြေပြင်ကနေစစ်ကြောင်းထိုးတဲ့အပြင် လေကြောင်းကနေတဆင့် ကမမောင်းမြို့နဲ့ ကတိုင်တိကျေးရွာကြားရှိ ကျေးရွာတွေအပေါ် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေ မကြာခဏလုပ်ဆောင်နေတဲ့အတွက် ရဟန်းသံဃာအပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်သေ ဆုံးမှုရှိခဲ့ပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ကတိုင်တိတပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကတိုင်တိဘက်ကို လေကြောင်းပစ်ကူပေးတဲ့အ ပြင် မြေပြင်ကနေ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အခုလ ဇွန် ၇ ရက်နေ့မှာ စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ကတိုင်တိကို ပြန်လည်သိမ်းယူနိုင်ခဲ့ပေမယ့် ဖာပွန်-ကတိုင်တိ ကားလမ်းတစ်လျှောက်ရှိ KNLA တပ်မဟာ ၅ က သိမ်းယူထားခဲ့တဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်ဟာ အခုလောလောဆယ်မှာ စစ်ကြောင်းထိုးလှုပ်ရှားတာတွေ မတွေ့ရသေးဘူးလို့ သူက ဆိုပါတယ်။
ဖာပွန်-ကတိုင်တိ-ကမမောင်းကားလမ်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ တောင်သုံးလုံး၊ ဆင်စွယ်၊ မထော၊ ကူးဆိပ် စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

